လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Friday, March 25, 2011

အဲ့ဒီကနေ ....။

နေမကောင်းလို့လူနာမေးနေရာကနေ ဆေးလိပ်နဲ့အရက်တွေမသောက်နဲ့တော့လို့
မှာနေရာကနေ သူတို့နဲ့မပေါင်းနဲ့တော့လို့ပြောနေရာကနေ အစာတော့စားမှ
ဖြစ်မှာပေါ့လို့ ဆိုနေရာကနေ မသက်သာရင်ဆေးခန်းသွားဖြစ်အောင်သွားလို့
တွန်းနေရာကနေ နင်လည်းပျော်အောင်နေပါလို့ ပို့နေရာကနေ။

အပြင်စာတွေမစားနဲ့လို့ ဝေနေရာကနေ ဘယ်ကနေဘယ်လိုစဖြစ်တာလဲလို့
တောက်နေရာကနေ ဗိုက်မကောင်းရင်ဆန်ပြုတ်ပဲသောက်လေလို့ ကျနေရာကနေ
ဒီလိုဆက်သွားရင်အသက်တိုလိမ့်မယ်လို့ ဆွေးနေရာကနေ အစာမရှိရင်ပိုဆိုးမှာပေါ့
လို့ ရေးနေရာကနေ အဲ့ဒီကနေ... ။

အဲ့ဒီကနေ ဆွတ်ပျံ့ဖွယ်ပန်းခြံတွေဆက်မလာဘူး ရောင်စုံပူပေါင်းတွေဆက်မလာဘူး
ပရိတ်သတ်လက်ခုပ်သံတွေဆက်မလာဘူး မနက်ဖြန်တေးသံတွေ ဆက်မလာဘူး။

ချောကလက်တွေဆက်မလာဘူး မွှေးပွဝက်ဝံရုပ်ကလေးတွေဆက်မလာဘူး ရင်မှာ
ငါမင်းတစ်ယောက်တည်းတွေဆက်မလာဘူး ရှင့်စိတ်ကူးတွေကြားမှာကျွန်မကူးခတ်ချင်
တွေဆက်မလာဘူး အဲ့ဒီတုန်းကအချိန်လေးတွေကိုသတိရလိုက်တာကွယ်တွေ
ဆက်မလာဘူး မင်းအတွက်ကိုယ်ကြိုးစားနေတယ်တွေဆက်မလာဘူး အတူနေကြ
ရအောင်နော်တွေဆက်မလာဘူး ရှင်လည်းစိတ်လျော့ကျွန်မလည်းလိမ္မာတော့မယ်
တွေဆက်မလာဘူး စကားပန်းတွေကိုခုထိကျွန်မချစ်နေတုန်းပဲတွေဆက်မလာဘူး
အရင်လိုဆိုင်ကယ်လေးမောင်းပြီး လျှောက်လည်ရအောင်တွေ ဆက်မလာဘူး
ကိုထွန်းဆိုင်မှာ ဒီလိုပြောခဲ့တာပေါ့ကွာတွေဆက်မလာဘူး ငါ့အကြောင်းစိုးမြင့်သိန်းတို့
အသိဆုံးပါတွေဆက်မလာဘူး သောက်ရေခွက်တွေအမြဲဆေးကြောသန့်စင်ထားတဲ့အိမ်တွေ
ဆက်မလာဘူး ဘုရားသွားကျောင်းသွား ငါးကလေးငှက်ကလေးလွှတ်ရအောင်တွေ
ဆက်မလာဘူး သစ်သားတံခါး၊၀ါးပက်လက်ကုလားထိုင်နဲ့စံပယ်ရုံခြံတွေဆက်မလာဘူး
ခေါင်းလောင်းသံထီးရိပ်မှာ အေးရာအေးကြောင်းတွေဆက်မလာဘူး အေးစက်သွားတဲ့
ငါ့နှလုံးသား မင်းနဲ့တွေ့မှနိုးလာတယ်တွေဆက်မလာဘူး အချစ်နဲ့ဘ၀ကိုတည်ဆောက်မယ်
တွေ ဆက်မလာဘူး။

အဲ့ဒီကနေ... ဘာမှ ဆက်မလာဘူး။

နင့်အစားငါရှက်လို့ပါလို့ ပြောနေရာကနေ ကျွန်မဒီ့ထက်မခံစားနိုင်တော့ဘူးလို့
ဖွင့်နေရာကနေ ကိုယ်ယူကျုံးမရဖြစ်လို့ပါကွာလို့ ဆို့နင့်ကြေကွဲနေရာကနေ။

ပိုင်မင်းဆွေ
(၅ ဇန်န၀ါရီ ၂၀၁၁)
၂ နာရီ ၁၈ နေ့လည်။

Tuesday, March 22, 2011

ငှက်ကလေး

မင်းလာနားပုံကမယုံနိုင်စရာ
တိုးတိတ်ညင်သာလွန်းရဲ့
ရှုခင်းမဲ့ပြတင်းပေါက်အသေထဲ
မင့်ရဲရင့်ဖျတ်လတ်တောင်ပံခတ်သံနဲ့
အမှန်တွေဟာသက်ဝင်လင်းပြက်လို့

ငှက်ကလေး…
မင်းဟာ ကမ္ဘာဦးဂူနံရံမှာ
ငါရေးခြစ်ခဲ့တဲ့ သိစိတ်မဲ့ပန်းချီကား
အလင်းကန်းနေတဲ့ မျက်လုံးတွေရဲ့တံခါးကို
မင်းရင်ထဲကသီချင်းစာသားနဲ့ ဖွင့်ခဲ့တယ်…
အရှုံးမဟုတ်ဘူး ငှက်ကလေး…

ငြိမ်းချမ်းရေးဆိုတာ
ချစ်ခြင်း မေတ္တာရဲ့ ထိုးမြဲလက်မှတ်ပါ
မင်းပျံသန်းသွားပြီးတဲ့နောက်မှာ
ငါဟာ ငြိမ်းချမ်းစွာချစ်ခဲ့တယ်…
ငါဟာငြိမ်းချမ်းစွာ…

ငါဟာ…
ငှက်ကလေး…
မင်းစတေးခဲ့တဲ့တောင်ပံတွေရဲ့ တံစက်မြိတ်မှာ
ငါ့အမှောင်စိတ်သွေးတိတ်ခဲ့ပေါ့
မရေရာသူတွေရဲ့ စကားမှာတော့
မင်း ပျံသန်းပျောက်ပျက်ခဲ့ပြီတဲ့
ရင်ထဲကိုလာနားတဲ့ ငှက်ဆိုတာ
တစ်သက်လုံးပျောက်ပျက်ဖို့ ပျံသန်းမှာ မဟုတ်ဘူး
ငါ အဲဒီလို ယုံကြည်ဖွဲ့ဆိုခဲ့တယ် ။ ။

မင်းစိုးရာ
၂၀၀၅၊ ရုပ်ရှင်သစ္စာမဂ္ဂဇင်း။

မိတ်ဆွေ ကဗျာဆရာ မင်းစိုးရာ ရဲ့ ငှက်ကလေးပါ။ ခင်ဗျားရင်ထဲကို သူ ပျံသန်းလာရဲ့လား။ ကျွန်တော့် နံရံတွေကိုတော့ သူ ဖြတ်သန်း သွားခဲ့တယ်။

Friday, February 4, 2011

ဂျက်ကပြောတယ် ...

ဂျက်ကပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
သူ မချစ်တော့ဘူးတဲ့

ဂျက်ကပြောတယ်
ကမ္ဘာမှာ မိန်းမတွေမရှိရင်
မဖြစ်ဘူးဆိုပဲ
ဒါပေမယ့် မိန်းမတစ်ယောက်ကို သင်ချစ်မယ်ဆိုရင်
သင်တုန်းဓားကို တစ်ကြိမ်နမ်းသင့်သတဲ့

ဂျက်ကပြောတယ်
ချစ်ခြင်းမေတ္တာ၊ သူရသတ္တိနဲ့ အရိုင်းစိတ်ကို
ခင်းကျင်းပြသဖို့ အကောင်းဆုံးစားပွဲဟာ မိန်းမတွေပဲတဲ့

ဂျက်ကပြောတယ်
အဲဒီ စားပွဲပေါ်မှာ အနှစ် ၄၀ လုံးလုံး ကြာအောင်
ငါပြေးနေခဲ့ဖူးတာပေါ့ ကွာ

ဂျက်ကပြောတယ်
ကြယ်စုံမြူးတဲ့ ညမှာ
ချစ်သ၀ဏ်လွှာတွေ တစ်ညလုံးရေးနေခဲ့တာ
နေနတ်သားရဲ့  တံပိုးခရာသံကြားတဲ့ အထိပါပဲတဲ့
သို့ပါသော်ငြား
ရေးသားခဲ့သမျှ ချစ်သ၀ဏ်လွှာတွေဟာ
ပေါင်မုန့်ကြားထဲ ၀င်ရောက်သွားပြီး
ပြန်မထွက်တတ်ကြတော့
ဘူးတဲ့

ဂျက်ကပြောတယ်
မိန်းမတစ်ယောက်အတွက်
ဒိုင်ဗင်အကြိမ်ကြိမ် ထိုးခဲ့တယ်
ဦးခေါင်းမှာ ချုပ်ရိုးတွေချည်းပဲ

ဂျက်ကပြောတယ်
သိပ်စိတ်ညစ်တာပဲ
အချစ်ကို သက်သေပြဖို့ ငွေကြေးမလုံလောက်
ဘူးတဲ့
ဒါကြောင့်
ကျောက်တုံးကြီးတွေကို ခဏခဏ မပြနေရသတဲ့

ဂျက်ကပြောတယ်
မိန်းမတွေဟာ ဘယ်တော့မှ မမှားဘူးတဲ့
ငါ တို့ က သူ
တို့ ကို ချစ်မိမှာသာ
အမှားအယွင်းတွေ စတင်တော့တာတဲ့
ဒါကြောင့် ဂျက်ကပြောတယ်
မိန်းမတွေနဲ့ မျက်လုံးချင်းဆုံးအောင် မကြည့်နဲ့တဲ့

ဂျက်ကပြောတယ်
မိန်းမတစ်ယောက်ကို ချစ်ရတာဟာ
ဂြိုဟ်ကမ္ဘာတစ်ခုက ပိုးမွှားအသစ်အဆန်းတွေ
ထည့်ထားတဲ့ ဖန်းဘူးနဲ့
တစ်ခန်းတည်း အတူနေရသလိုပဲတဲ့

ဂျက်ကပြောတယ်
သူဟာ တစ်နေ့တည်း နှစ်ခါ
အသက်ရှင်နေနိုင် သတဲ့
တစ်ကြိမ်က မိန်းမတစ်ယောက်ကို ချစ်မြတ်နိုးဖို့
တစ်ကြိမ်က ကမ္ဘာမြေကြီးကို ချစ်ခင်ဖို့တဲ့

ဂျက်ကပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
မချစ်တော့ဘူးတဲ့
အဲဒီနေ့က သူ အိမ်ကိုပြန်မအိပ်ဘူး

ဂျက်ကပြောတယ်
ဂျက်က ခဏခဏပြောတယ်
ဂျက်က တွေ့တဲ့သူတိုင်းကိုပြောတယ်
ဂျက်က မရပ်မနားပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
မချစ်တော့ဘူးတဲ့
အဲဒီနေ့က သူချာချာလည်အောင်မူးတယ်

ဂျက်ဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်
သူဘယ်သူလဲ သိပါရဲ့ လား အဆွေငဲ့
လမ်းထိပ်မှာ အမူးလွန်ပြီး အိပ်ပျော်နေတတ်တဲ့
အရက်သမားအဘိုးကြီးကွဲ့ ။ ။

နေမျိုး

တစ်နေ့မှ မေ့မရသူလေးသို့

လူတစ်ယောက်မှာ
သူ့အကြောင်း ဒဏ္ဍာရီတစ်ခု

ရှိသင့်တယ်မဟုတ်လား။


အရာရာဟာ
မြေကြီးပေါ်တုတ်ချောင်းနဲ့ရေးခြစ်ထားသလို
ဖြစ်လွယ် ပျက်လွယ်တွေချည်းပါပဲကွယ်။

မင်းတစ်ဘဝလုံး ကြေကွဲကျန်ရစ်ရအောင်ဆိုပြီး

ငါ့ကိုယ်ငါလည်း အဆုံးမစီရင်ရဲ
ဒါဆို

သေနတ်ပြောင်းထဲ ချောင်းကြည့်ရင်း

ခလုပ်နှိပ်မိတဲ့လူတစ်ယောက်လို့

လူတွေ ပြက်ရယ်ပြု ကျန်ရစ်ကြမှာပေါ့

ငါ့ရဲ့ အကောင်းဆုံးကို ငါလုပ်မပြီးသေးသမျှ
ဘယ်အရာပေါ်မှာမှ

ငါ့ကိုယ်ငါ မပုံခဲ့နိုင်ဘူး။


ငှက်တစ်ကောင်ဟာ

ကောင်းကင်တစ်ခုတည်းမှာ နှစ်ခါပျံသန်းနိုင်ဖို့
နေမင်းကြီးကို တစ်ကြိမ်ပတ်ရတယ်။


တစ်နေ့မှ မေ့မရသူလေးရေ

သည်တစ်ညနေခင်းလေးပဲ
ဖြစ်ဖြစ်
အကောင်းအတိုင်း ထင်ကျန်ရစ်ဖို့

တောင့်ခံထားရသူပါ။

ငါက ဂျူးလိယက်ဆီဆာလိုပဲ

ကိုယ့်ရန်သူတွေရဲ့ စာရင်းကို မှတ်မထားတတ်ဘူး။


ကိုယ့်နာမည်ဘယ်သူတုန်းရယ်လို့

ကိုယ့်ဟာကိုယ် ပြန်မေးရတဲ့ အခါမျိုးတွေမှာတော့

သေနတ်ပြောင်းထဲ ချောင်းကြည့်မိပြန်ရဲ့။


မင်းဖို့ ဒဏ္ဍာရီတစ်ခုပေါ့ကွယ်။ ။


ပိုင်စိုးဝေ
ဒီဇင်ဘာ ၉၇ ကလျာမဂ္ဂဇင်း

Wednesday, February 2, 2011

ပင်လယ်

သူမဟာ ပင်လယ်
လှုပ်ရှားတယ်၊ ရှင်သန်တယ်၊ စီးဆင်းတယ်
သူမဟာ ပင်လယ်
ငါ့ကို ငါးတွေပေးတယ်
ငါ့ကို ပုလဲတွေပေးတယ်
ငါ့ကို ဒဏ္ဍာရီထဲက ကျောက်တုံးတွေပေးတယ်
ငါ့ကို သဘောင်္ပျက်တွေပေးတယ်
ငါ့ကို ပင်လယ်ဓားပြအရိုးစုတွေပေးတယ်
ရွှေဒင်္ဂါးလည်း နည်းနည်းပေးတယ်။
သူမဟာ ပင်လယ်
ငါ့ကို လူးလာစုန်ဆန်ကူးခတ်စေတယ်။
ရဲဝံ့စေတယ်။
နယ်မြေသစ်တွေဆီ ရောက်ရှိစေတယ်။
သူမဟာ ပင်လယ်
တစ်နေ့မှာငါ့ကို နစ်မြုပ်စေတယ်
သူ့ရဲ့နက်ရှိုင်းတဲ့ ရေအောက်ကြမ်းပြင်မှာ။
သူမဟာ ပင်လယ်
ငါ့ကို အမြဲ သိမ်ဆည်းထားလေတယ်။

နေမျိုး
အမှတ် ၆၊ ပန်းအလင်္ကာမဂ္ဂဇင်း။

Friday, January 7, 2011

စိတ္တဇအခန်း

ဇာတ်လမ်းဟာ အခန်းဆီ ကွေ့လာပြီ
အခန်းထဲမှာ ပထမတော့ ဘာမှမသိသေးတဲ့ ငါ
ဒူးနန့်လို့ စီးကရက်ကလေး အေးအေးလူလူ ဖွာလို့။

ကြေကွဲခြင်းရေတံခွန်ဟာ တဝေါဝေါ ပြိုကျလာတယ်
ဇာတ်လမ်းထဲက အဖြစ်အပျက်ဟာ တဖြည်းဖြည်းကုန်းထလာတယ်။

အဖြစ်အပျက်ကို ဟိုးရှေ့က ဘောလုံးကွင်းဆီ
ကျွန်တော် ကန်ထုတ်လိုက်တယ်
အဖြစ်အပျက်ကို စီးကရက်မီးခိုးငွေ့နဲ့အတူ မှုတ်ထုတ်တယ်
အဖြစ်အပျက်ဟာ ကျွန်တော့်အနားက တစ်စက်မှ မခွာဘူး
အဖြစ်အပျက်ဟာ အရေပြားပေါ် တွားသွားတက်လာ
အသားထဲဖောက်ဝင် သွေးကြောထဲအမြီးတနန့်နန့်လျှာက်သွား
ယားယံမှုဟာ နေရာအနှံ့အပြား ဖြစ်ပွားလို့
ငါ့စိတ်အား ချည်ထားလိုက်ဖြည်ထားလိုက် ပွယောင်းလို့
အလိုမတူကျိုးကြေ မျော.....နေ........ပြီး
အထိတ်တလန့် အိပ်မက်ကနိုးလာသူလို စမ်းကြည့်
(အံ့သြစရာ) အဖြစ်အပျက်ဟာ ဘယ်နေရာမှာမှ မရှိတော့ဘူး
ဒါဟုတ်ရဲ့လား ထိုင်နေရာကဆတ်ကနဲထတယ် ထနေရာက
ဖြတ်ကနဲပြန်ထိုင်တယ် ဒီဖက်ထိပ်ရောက်လာတော့ ဟိုဖက်ထိပ်သို့
ပြန်လျှောက်တယ် ဂနာမငြိမ် ၃မိနစ်တစ်ကြိမ် တောက်ခေါက်
နံရံမှာ ပန်းချီကားအစား ဓားတစ်ချောင်း ပြောင်းချိတ်လိုက်တယ်
ကြည့်စမ်း အဖြစ်အပျက်ဟာ မျက်နှာကျက်ကနေ
အုံ့ဆိုင်းနေတဲ့ ပလပ်ပေါက်တွေထဲကနေ
အတင်း စွတ်ရွတ်တိုးဝင်လာပြန်ပြီ
ကိုယ့်ဖက်က အသင့်ထုတ်ထားတဲ့ ဓားနဲ့ ခုခံတယ်
ဖြုတ်ထားတဲ့ ထောက်နဲ့ သိမ်းရိုက်တယ်
ကြမ်းပေါ်ပုံကျသွားရာက တွန့်လိမ်ထကာ
ကျွန်တော့်ခန္ဓာကိုယ်ပေါ်တက်လာဖို့ ကြိုးစား
သူ့လျှာဟာ ကျွန်တော့်သိစိတ်ဘော်ဒီပေါ်မှာ ရွေ့လျားနေတယ်
နားထဲကနေ၀င် ချွေးပေါက်တွေထဲကနေထွက်
စိတ်တိုင်းကျဖွင့်ဖောက် တစက်စက်ယိုစီး
အရသာမရှိတော့တဲ့ အပိုင်း ပြီးနောက်
ဇာတ်လမ်းထဲမှာ အခန်းတစ်ခုသာ ငေါထွက်ကျန်ရစ်ခဲ့တယ်။

ပိုင်မင်းဆွေ
(၂ ဇန်န၀ါရီ၂၀၁၁)
၂း၁၂ နေ့လည်။

* ၂၀၀၉ ဒီဇင်ဘာကစကာ ၂၀၁၀ တစ်နှစ်လုံးလုံး ကျွန်တော့်ကို စားနေခဲ့တဲ့ အဖြစ်အပျက်ကို ချရေးကြည့်တယ်။ ၂၀၁၁ အတွက် ပထမဆုံးရေးဖွဲ့ဖြစ်မယ့် ကဗျာကို ကြည်နူးဆွတ်ပျံ့ဖွယ်ကဗျာတစ်ပုဒ် ဖြစ်ဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း...... ။

ပိုင်မင်းဆွေ
မနက် ၁၀နာရီ ၃၉ မိနစ်
၇ ဇန်န၀ါရီ ၂၀၁၁။

Friday, December 24, 2010

လည်နေတဲ့ ပန်ကာ

လည်နေတဲ့ပန်ကာဟာ သူ့ဝတ္တရားမပျက်
လည်နေခဲ့ လည်ခဲ့
နေ့တွေထဲ နေ့စဉ်။

လည်နေတဲ့ ပန်ကာဟာ
ကွန်ပျူတာနှစ်လုံး သင်ဖြူးဖျာတစ်ချပ်
ပလပ်စတစ်နောက်မှီထိုင်ခုံသုံးလုံး
သံဗီရိုတစ်လုံး ကုတင်တစ်လုံး လူနှစ်ယောက်
နဲ့အတူ အခန်းထဲ ချာချာလည်ခဲ့။

လည်နေတဲ့ ပန်ကာဟာ သူ့အစွမ်းရှိသလောက်
အခန်းကို အအေးဓာတ်နဲ့ မေတ္တာပေးဖို့ ကြိုးစား(ကြိုးစားခဲ့ပါတယ်)
အိမ်မြှောင်နှစ်ကောင် မျက်နှာကျက်မှာ ဇောက်ထိုးခိုတွဲ
လည်နေတဲ့ပန်ကာက နေ့တိုင်း မြင်ရတယ်
နံရံထက် ဂစ်တာတစ်လက်နဲ့ ပြက္ခဒိန်တစ်ချပ်
လည်နေတဲ့ပန်ကာက နေ့တိုင်း မြင်ရတယ်
သူက လူနှစ်ယောက်ရင်ဘတ်ထဲ ပတတ်ရပ် ထိုးပေါက်နေတဲ့
စကားပန်းပင်ကြီးကိုလည်း မြင်တယ်
မဖော်ပြ၀ံ့မှု တိမ်ခိုးတွေကိုလည်း မြင်တယ်
တွင်းအောင်းသတ္တ၀ါလို နာကျင်ပိတ်ခဲနေတဲ့
ခံစားချက်တွေကိုလည်း မြင်တယ်
ဒါတွေကို မြင်မက်ရင်း သူလည်ခဲ့။

သူ့ဘ၀လည်ပတ်မှုတွေထဲ
သူ့ကိုယ်သူ ဆေးခတ် လိုရာဆွဲရင်း
လည်နေတဲ့ပန်ကာဟာ သတိရစိတ်နဲ့ဖုံးကွယ်ထားတဲ့ရိုက်နှက်သံ
မျက်ရည် ၀န်မခံလိုခြင်း လိင်စိတ် ဟာသ
ညစာ အချစ် အတ္တ မြို့ပြဘ၀နဲ့ ငွေကြေး
ဘာဆိုဘာကိုမျှမသဲကွဲ သူ့သိစိတ်ထဲဖိုးကပ်စ်မပြတ်တဲ့
နေ့တွေထဲ နေ့စဉ် မှန်မှန်
လည်ပတ်ခဲ့။

ဒီနေ့ ကြာသပတေးနေ့
ညနေခင်း မီးလည်းပျက်၍
လည်နေတဲ့ ပန်ကာ ရပ်တန့်နေတယ်။

ပိုင်မင်းဆွေ
(၁ ဂျူလိုင် ၂၀၁၀)

Tuesday, October 12, 2010

ငါ့ညီမလေး လွှတ်တဲ့ မီးပုံး (နေမွန်းသင်)

photo:Internet




















ငါ့ညီမလေး လွှတ်တဲ့ မီးပုံး

သီတင်းကျွတ်ပြီ
မလွတ်မြောက်မှုတွေ ကိုယ်စီချိတ်ဆွဲပြီး
မီးပုံးပျံလွှတ်ရအောင်။

ညီမလေးရေ
ငါ့ဝိညာဉ်ကို ရေနံလောင်းပါ
ငြီးငွေ့မှုနဲ့ အားပါးတရလောင်ကျွမ်းရင်း
အခိုးအငွေ့အဖြစ်
နင့်လက်နဲ့ ယက်လုပ်ထားတဲ့ မီးပုံးလေးမှာ
ယီးလေးခို လိုက်ပါသွားရစေ
ကမ္ဘာမြေဟာ
သွေးညှီအနံ့တွေနဲ့ မွန်းကျပ်နေခဲ့ပြီမဟုတ်လား။

အဝေးကြီးကနေ
ငါ့ကိုမျှော်လင့်မနေပါနဲ့တော့
အနာတရတွေအကြား အရေခွံထူလာတဲ့သူမို့
အိမ်ပြန်လမ်းတွေ ၀ိုးတ၀ါး
နင့်စာသင်ခန်းလေးပဲ နင်ဂရုစိုက်ပါ။

နာကျင်မှုတွေ ကိုယ်စီပွေ့ရင်း
ငါတို့လျှောက်ခဲ့တဲ့လမ်းကလေး ခြောက်သွေ့ပေမယ့်
မဟောင်းနွမ်းသေးဘူး
ခရီးပမ်းပေမယ့် အရောင်မလွင့်သေးဘူး
အခုလိုလပြည့်ညတွေမှာ
ပြန်မဆုံနိုင်တဲ့မိသားစုတွေရဲ့ ကိုယ်စား
ရဲရဲဝံ့ လမ်းထွင်သူတွေရဲ့ကိုယ်စား
ရင်ပြင်တော်အပြည့် ဆီမီးလှူခဲ့ပါ။

သီတင်းကျွတ်ပြီ
ကောင်းကင်ပြင်တဆုံး
အနှောင်ဖွဲ့မဲ့ ပျံသန်းနေတဲ့ မီးပုံးတွေပဲငေးရင်း
ဘ၀ရဲ့ မပြေနိုင်တဲ့အမောတွေကို
ဒီလိုချရေးမိတယ်
ဘယ်တော့များ ဘ၀ကို ဘ၀လို
ညီမလေးလွှတ်တဲ့ မီးပုံးလေးမှာ ယီးလေးခိုခွင့်ရပါ့မလဲ… ။ ။


နေမွန်းသင်

-ညီမလေးရဲ့မွေးနေ့ အမှတ်တရ
(၂၄-၁၀-၀၇)



Note

မြန်မာကဗျာဘလော့/စာမျက်နှာတွေ ယနေ့လိုများများစားစား မရှိခင်က ခင်မင်ခဲ့တဲ့
ကဗျာဆရာ နေမွန်းသင်ရဲ့ ကဗျာလေးကို တင်လိုက်ပါတယ်။ သီတင်းကျွတ်တော့မယ်လေ။
ပိုင်မင်းဆွေ

Saturday, October 2, 2010

လွမ်းစေတီ

သစ်ရွက်ခြောက်ရှို့မီးထဲ
လေလွင့်ဆုတောင်းများ မယုံနိုင်ပြီ
ချင်းတွင်းမြစ်က မမြဲခြင်းတရားကို ညည်းတွားလို့
လယ်ကွင်းကို ဖြတ်တိုက်လာတဲ့ လေအား
ကမူနဲ့ ထန်းပင်တွေက သပ်တင်တီးခတ်လို့
ခေါင်းလောင်းသံနဲ့ ထီးရိပ်မှာ အေးရာအေးကြောင်း
စိတ်ရူးတွေ ရပ်တန့်ရာ ရပ်တန့်ကြောင်း
ဆူးခြစ်ရာ လမ်းကြောင်းလေးအတိုင်း
သီးခြားတောင်ကုန်းလေးပေါ် ကုပ်တွယ်တက်ခဲ့ရာ
လမ်းတလျောက်
ကင်မရာမြင်ကွင်းထဲ ဖမ်းလို့မမိတဲ့
ရနံ့ နဲ့ အသံ
ဆန့်တန်းထားတဲ့ အစွဲအလန်းများ
တဖျပ်ဖျပ် တချပ်ချပ်
သတိရခြင်းမီးပွင့်တွေ ကုန်အောင်ထိရိုက်
ဇာတ်နာသူကြီး မျက်ဝန်းသားများ မို့အစ်
နောင်ဘ၀ဆိုတာ ရှိခဲ့လည်း
သံတွေကို မီးနဲ့ မပြုပြင်လိုတော့ဘူး
အပြန်လမ်းမှာ ဓါးတွေ ထိုးအန်ခဲ့တယ်။

ပိုင်မင်းဆွေ
( ၁ စက်တင်ဘာ ၂၀၁၀)
၁၁ နာရီ ၃၀ မိနစ်။
လမ်းကြား ၁/၂ ကဗျာစာအုပ်။


Monday, August 16, 2010

ငါနဲ့လမ်း

ခြေတစ်လှမ်းချလိုက်တိုင်း ပို၍ဆန့်ကား
ရှည်ထွက်သွားတဲ့လမ်းမ
အဲဒီလမ်းမဟာ
တစ်ဦးတစ်ယောက်တည်းအတွက် ရှိနေခဲ့ပြီး
အဲဒီတစ်ဦးတစ်ယောက်ဟာ ငါဖြစ်ခဲ့တယ်
ငါ့အလုပ်က
ရပ်တန့်နေဖို့ မဟုတ်ဘူးတဲ့
ငါလျှောက်နေရပေါ့
အဲဒီလမ်းမပေါ်မှာ
တစ်ယောက်တည်း။

နေမျိုး

လူဖြစ်ရတာကောင်းတယ် ကဗျာစာအုပ်မှ