ကိုယ်တို့စိတ်ကြီးဝင်မှုတွေနဲ့
ခေါင်းမော့နေသူအိမ်လေး။
လေလို တိမ်တိုက်လို ပျက်စီးသွားမယ်လို့
စိုးရိမ်နေရပါတယ် မရေရွတ်ဘူး
တို့သိတယ် အိမ်ရှေ့မယ်
အမြဲတမ်းခံတပ် စံပယ်ရုံအုပ်အုပ်တွေက
ရနံ့တွေနဲ့ စောင့်ရှောက်နေကျ
ခြံထဲဝင်ဖို့ သစ်သားတစ်ခါးလေးကို တွန်းဖွင့်လိုက်ရင်
သင့်အရပ်က သူမအသံနဲ့ မလွတ်လို့
ဆည်းလည်းလို မြည်လိမ့်မယ်
စံပယ်ရနံ့တွေနဲ့ တွန်းလား ထိုးလား လုပ်ရမယ်။
အိမ်ရှေ့ဝါးပက်လက်ကုလားထိုင်လေးပေါ်မှာ
မဂ္ဂဇင်းကဗျာတွေ ထိုင်ဖတ်နေသူဟာ ကျွန်တော်ပါပဲ
ဒါဟာ သူမရဲ့ စိတ်ကူးစိတ်သန်း ရုပ်တုလည်း ဖြစ်တယ်။
ဘ၀အမောဆိုးသွမ်းမှုတွေကနေ
တတ်နိုင်သမျှလွတ်ကင်းအောင် ကြိုးစားနေထိုင်နေသောအိမ်
ဆောင်းဝင်ရင် မြောက်ဖက်တံခါးချပ်ဆီက
စက္ကူစင်္ကြာလေးတွေ တ၀ီဝီ လည်ပတ်လို့ပေါ့။
သူမရဲ့ရယ်သံတွေနဲ့ပဲ
အိမ်ကိုထုဆစ်ခဲ့တာလို့ ကျွန်တော်ပြောမယ်
ဒါဟာ ကမ္ဘာကြီးပေါ်က အမှားများစွာထဲ
ကိုယ်တို့ရဲ့ ချစ်စွာသော အမှားကို ကြေညာခွင့် ရတာပါပဲ
လေဟာ အိမ်ရဲ့နေရာအနှံ့ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်
ပြတင်းတံခါးတွေကို အမြဲလိုလို ဖွင့်ထားခဲ့တယ်
ခန်းဆီးစတွေ လွင့်ပျံနေခဲ့တယ်
အိမ်ရှေ့က မြေကပ်ပန်းခင်းလေးဟာ
ဖြူနီပြာဝါ၊ အမြဲလိုလို ပွင့်နေခဲ့တယ်
ငှက်တွေဟာ သူတို့အတွက် နေရာချပေးခဲ့တယ်လို့ ခံယူရင်း
ခြံထဲက သစ်ပင်တွေမှာ စိတ်ချလက်ချ ကူးလူးပျံသန်းနေခဲ့တယ်။
ပိုင်မင်းဆွေ
.......................................................................
2 comments:
ကိုကဗျာလမ်းရဲ့ ကဗျာစောင့်ဖတ်ရတာ တော်တော်ကြာပေါ့။
လေထဲက အိမ်လေးက မျက်စိထဲကို တန်းနေတာပဲ။
အိမ်တစ်ခုလုံး စံပယ်ရနံ့တွေနဲ့ မွှေးနေတာပဲ။
လေထဲက အိမ်လေးကနေ တကယ့်အိမ်လေးဖြစ်ပါစေရှင်။
ကိုကဗျာလမ်းတို့ကတော့ တစ်ပုဒ်ဆို တစ်ပုဒ်ပဲ စောင့်ရကျိုးနပ်ပေါ့။ :P
အကိုရေ... အခုမှပဲ ပြန်ဖတ်ရတော့တယ် အကို့ကဗျာ။ အိမ်ကိုလွမ်းသွားပြီ
Post a Comment