ကျွန်တော့်အလွမ်းတွေက
သင့်ဆီကို အလည်မလာဘူးလား။
ကျွန်တော့်မှာ သည်းနေအောင်
ရွာနေတယ်
တစ်တောလုံး တစ်မြို့လုံးလည်း
ကောင်းကောင်းကြီး ကြွေနေတယ်။
မိုးလေ ကင်းလွတ်သော နေရာဟာ
သင့်ရင်ခွင် ကျဉ်းကျဉ်းလေးပဲလို့
လေနီမလေး ယုံကြည်ပါ
မနက်ဖြန်က သင့်နာမည်လေး သုံးလုံးဖြစ်ပြီး
ထမင်းမစားခင် သင့်လက်ကို
ကျွန်တော့်မျက်ရည်တွေနဲ့ ဆေးကြောပါ
ကျွန်တော့်မျက်ရည်တွေက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး
သင့်လက်ချောင်းလေးတွေကို ပိုလို့နူးညံ့လာစေမယ်။
ကျွန်တော် စိတ်ကူးမထားတဲ့ အရပ်မှာ
သင့်ရယ်သံဟာ လွတ်လပ်ပွင့်လင်းနေပါစ
ကလေးမလေး နှစ်နှစ်ခြိုက်ခြိုက် ရယ်ပါ ပြုံးပါ
ကျွန်တော်ဟာ အေးလို့ တုန်လို့ နှင်းတွေထဲမှာ ကျန်ခဲ့တာ
လေဆိပ်ဟာ ကြေကွဲရောင် ဖိတ်ဖိတ်တောက်လို့
ခေါင်းကလေးငုံ့ပြီး ပြန်လာခဲ့တာ။
ပိုင်မင်းဆွေ
ဖေဖော်ဝါရီ ၁ ၊ ၂၀၁၀
မနက် ၇ နာရီ ၃၈။
2 comments:
နောင်တော်..
များများလေးရေးပေးပါ..
နောင်တော့် ကဗျာတွေဖတ်ရတာ..
သောက်လေငတ်လေပဲ..
ကျေးဇူးကမ္ဘာ...
blog ပေါ်မှာ ပြန်တွေ့ရလို့ ၀မ်းသာတယ်ဗျာ။ :)
ကဗျာကောင်းလေးတွေ ပြန်တွေ့ရတော့မယ်ပေါ့။
Post a Comment