လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Tuesday, June 10, 2008

လေထဲကအိမ်လေး


လေထဲက အိမ်လေးဟာ အမှန်တကယ်ဖြစ်တယ်
လေထဲက အိမ်လေးဟာ ထိတွေ့ကိုင်တွယ်လို့ ရတယ်။

လောကဓံကို ၀န်ထုပ်ဝန်ပိုးတစ်ခုလို
မတွေးခေါ်တာက အိမ်လေးရဲ့ အထာပဲ
မိုးပြာရောင် ခန်းစီး စတွေ လွင့်ပျံလို့
အိမ်အ၀င်မှာ သူ့ရယ်သံလွင်လွင်ကို ချိတ်ဆွဲထားတယ်။

ကိုယ်တို့ခိုးယူထားတဲ့ ကြယ်တွေနဲ့
ညပ်သပ်နေတဲ့ အိမ်ကလေးလို့
ကိုယ့်အပြောကို သဘောကျ စွာ
နှုတ်ခမ်းပေါ် လက်လေးအုပ်ပြီး ရယ်မောနေကျ
ကဗျာတွေရွတ်ဖတ်နေကျ သီချင်းအတူဆိုနေကျ
ချစ်ခြင်းရဲ့ အနက် ဟာ ပီပြင်စွာ
ဒီလို ယဉ်ကျေးမှုမျိုး ဖောဖောသီသီ ထွန်းကားတဲ့
အိမ်ကလေး။

ဘယ်တော့မှ အပြစ်မတင်တတ်တဲ့ သူ့အပြုံးနုနုအောက်မှာ
ကိုယ့် အမှားတွေဟာ ရိုကျိုး သိမ်မွေ့လို့
တစ်ခါတစ်ခါ ကိုယ့်ဆီက လွတ်ကျလာတတ်တဲ့ အော်ဟစ်သံဟာ
အိမ်ရဲ့ ဆည်းလည်း လို့လဲ ပြောတတ်သေး
ကိုယ် ဘယ်လို လုပ်ရမလဲ၊ ဒါဟာ။

ရောင်စုံအိပ်မက်တွေဟာ ဒီအိမ်ကလေးမှာ
ခင်းထားတဲ့ ကြမ်း ဖြစ်တယ်
ကိုယ်တို့ရဲ့ ရိုင်းစိုင်းကြမ်းတမ်းမှုတွေကို မြေကြီးပေါ်ချစိုက်လိုက်တော့
ဝါးပင် ၀ါဝါ ကြီးတွေ ပေါက်လာတယ်
လူတွေတပ်မက်တတ်တဲ့ ငွေကြေးနဲ့ကျော်ကြားမှုတွေဟာ
အိမ်နောက်ဖေးက စမ်းချောင်းလေးနဲ့အတူစီးဆင်းသွားခဲ့ပြီ။

ငှက်တွေအိပ်တန်း ပြန် သလို
နေညိုရင် ကိုယ်ပြန်ရမယ့်နေရာ
လေပြင်းနဲ့ကြုံလည်း မရောက်,ရောက်အောင် ကိုယ် ပြန်ခဲ့ပါမယ်
အိမ်ရဲ့ နံရံ ၊ မျက်နှာကျက် ၊ ပြတင်းတံခါးများနဲ့ သူမ
ကိုယ့်ကို အမြဲဖမ်းစားထားလို့လည်း
မရောက်,ရောက်အောင် ပျံသန်းခဲ့ပါမယ်။

မေ့မသွားနဲ့ပေါ့ ဒါဟာ
တကယ်ရှိတဲ့ အိမ်လေး ၊ မြင်ရတယ် ကြားရတယ်
သူ့စိတ်ကလေး ကိုယ့်ဆီ တိမ်းညွတ်နေသ၍
အိမ်ကလေး ရှိနေတယ်
ကိုယ့်မိုးသားတွေ သူ့ဖက်ကို ရွေ့လျားနေသ၍
အိမ်ကလေး ရှိနေတယ်
ဒီခေတ်ထဲမှာ မလွယ်ပါဘူး ဆိုတဲ့
ကိုယ်တို့ စောင့်စည်း သည်းခံ နိုင်မှု တန်ဖိုးကြီးကြီးကြောင့်လည်း
အိမ်ကလေး အမြဲ ရှိနေတယ်။



ပိုင်မင်းဆွေ


R
elated posts
------------>> လေထဲကအိမ်လေး၂
------------>> အိမ်

Tuesday, May 20, 2008

ကဗျာဖတ်သူ သူငယ်ချင်းများသို့

....................................................................................................................................

တခါတရံ အွန်လိုင်း တက်ဖြစ်လို့ ကိုယ့် ဘလော့လေး ကိုယ်ဝင်

visitor map လေးကို ကြည့်လိုက်တော့

0 places today ( 0 views) တဲ့။

ကဗျာလာရောက်ဖတ်တတ်တဲ့သူတွေကို စိတ်ပျက်စေသလို

ဘယ်သူ့ကိုမှလည်း နှုတ်မဆက်ဖြစ်တော့ ဘလော့လေးက သေနေခဲ့ပါပြီ။

ကဗျာတွေရေးဖို့ ရေခံမြေခံ အရင်းအမြစ်တွေပျောက်ဆုံးသွားခဲ့သလို

စိတ်ဓာတ်ဖျားနာနေတာလဲ ပါတာပေါ့။

ဒီရက်ပိုင်းလည်း ကဗျာလေးတွေကြိုးစားရေးဖို့ ကြိုးစားနေမိပါတယ်။

လကုန်ဖြေရမယ့် စာမေးပွဲကလည်း မအောင်ရင် ရပ်နားတင်ရမယ် ဆိုတော့

လောလောဆယ်တော့ စာအုပ်ပုံထဲ ကူးခပ်ရဦးမယ်။

ဂျွန်လ ဒုတိယ ပတ်လောက်မှာ မိုးစက်တွေနဲ့ ကဗျာလေးတွေနဲ့ ပြန်လာပါမယ်ဆိုတဲ့အကြောင်း

သူငယ်ချင်းများကို အော်ဟစ်လိုက်ပါတယ်ခင်ဗျား...........။


.................................................................................................

Monday, May 12, 2008

ဆိုးသွမ်းသူ လေပြင်းကြောင့် ဒုက္ခရောက်နေသူတွေကို ကူညီကြပါစို့

Let's Support Victims

Saturday, April 5, 2008

အခန်းရဲ့အပြင်အဆင် ၅

ပွဲဈေးတန်းလျှောက်ချင်တဲ့စိတ်ကို
နတ်သမီးလေးနဲ့ ထိန်းကွပ်ထားရတယ်။

ငါ့ဘ၀ တောင်ယာတဲလေးအပေါ်
မိုးတွေဆိုတာလည်း အရမ်းရွာတာပဲ
ကိလေသာကနေ လွတ်နေတာလား ငြိနေတာလား
ငါဘာမှ မတတ်နိုင်ဘူး။

၇-ရက်နေ့မှာ ငါရိုက်လိုက်တဲ့ ကြေးနန်းက
၈-ရက်နေ့မှာ ငါ့ဆီပြန်ရောက်လာတယ်
လိပ်စာမှားပေးမိသူ။

ငါ့ညီရဲဝင်းရေ
မင်းမှာလည်း မကြာခင်သိလာမှာပါကွယ်
ငယ်ငယ်တုန်းက မင်းကြောင့်ငိုခဲ့ရတဲ့ မင်းအစ်ကို
အခု ငိုစရာတွေများလွန်းလို့ မျက်ရည်မထွက်နိုင်အောင်ဖြစ်ရပြီ

မင်းအစ်ကိုဟာ စိတ်ပျံ့လွင့်လွယ်သူ
တွေးမိခေါ်မိသမျှ ဘာတစ်ခုမှ လက်တွေ့မလုပ်ဖူးသူ
မင်းအစ်ကိုက ကြယ်တွေကိုမှ ဖွဲ့နွဲ့ချင်ပါသတဲ့
ဒီတစ်ခါလူတွေရဲ့ရယ်သံက ပိုကျယ်လောင်သွားတယ်

ကမ္ဘာမြေကြီးအတွက် မရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်
တစ်ချိန်မှာ မင်းဖတ်မိခဲ့လို့
မင်း တွေ့ရမယ့် အရောင်မွဲမွဲ အိပ်မက်များ
ဒဏ်ရာတစ်ခုမှ မရှိသလို နေထိုင်ခဲ့မှုများ
မျှော်လင့်ခြင်းလေပြင်းတွေ တိုက်ခတ်လာတဲ့အခါ
မင်းအစ်ကိုရဲ့အချစ်ရေးကလည်း သုံးမရအောင်ပွန်းပဲ့သွားတဲ့အကြောင်း
ဒါဟာလည်း မင်းအနေနဲ့ ဖတ်သင့်တယ်ဆိုတဲ့
စာအုပ်ပေါ့လေ။

ပိုင်မင်းဆွေ

....................................................................................................................

Saturday, March 1, 2008

မတ်လ စာပန်းချီ



မတ်လ ဒုတိယ ပတ်လောက်မှာ ထွက်လာမယ်ဆိုတဲ့
စာပန်းချီ မတ်လ မှာ ပြန်လည် ဆုံတွေ့ကြပါအုံးစို့။




................................................................................................................


Thursday, February 14, 2008

ကိုယ်တစ်ဦးတည်းအတွက် ရွေးပြီး လင်းတဲ့ ကြယ်


ထူးထူးချွန်ချွန် ဒီကြယ်လေး
ကိုယ့်ရင်ထဲမှာမှ သူက လာလင်းတယ်။

သူ့လက်မောင်း ၀င်းဝါ၀ါ လေးကို ကွေးညှစ်ပြပြီး
သူဟာ အစွမ်းအစ ရှိသူပါတဲ့
သူ့ဖိတ်စင် ကျခဲ့တဲ့ အလင်းသဲ့သဲ့နဲ့ပဲ
ကိုယ်ကလည်း ရောင့်ရဲ နိုင်သူ

အခုလို သတင်းနည်းပညာခေတ်ကြီးထဲ
ကိုယ့်ကြယ်လေးလည်း လိုက်လာ ထွန်းလင်းခဲ့ပါ့မယ်
ဒီလို သူ ဆိုမှာပါပဲ
ကိုယ် ဘယ်ရောက်ရောက်
ကိုယ့်ကောင်းကင် မှာ သူ အမြဲရှိမယ်။

ကိုယ့်အတွက်နဲ့
ညည်းလက်မောင်း ၀င်းဝါ၀ါ လေးကို
ကွေးညှစ် မပြ ပါနဲ့.... ကြယ်လေး
ကိုယ့်စကားကို သူ ကြားအောင်
မိုးပေါ်ကို မော့ပြီး
ကိုယ် တိုးတိုးလေးပဲ ပြောချင်တယ်။

သူ့ ပါးပြင်ပေါ်က သနပ်ခါးပွင့်လေးကို
အဝေးကနေပဲ ကိုယ် တိုက်ခိုက်တော့မယ်
ကိုယ့်ဘ၀ကို လမိုက်ညတစ်ညလို ခံယူခဲ့တာကလည်း
အဲဒီနေ့မှာမှ ကြယ်လေးက ပိုပြီးထွန်းလင်းလို့ပဲ
သူရယ် ကိုယ်ရယ် ပြိုင်တူ လင်းလက် ဖို့
ကိုယ့်ကောင်းကင်က ကျဉ်းလွန်းခဲ့တယ်

ကိုယ်ရေးခဲ့တဲ့ ပရိုဂရမ် တစ်ပုဒ်နဲ့
ထုတ်ဝေသူ မရှိတဲ့ ကိုယ့်ကဗျာ ပေါင်းချုပ်လေးဟာ
သူ့ရဲ့ ဆောင်းည တွေအတွက် ဂွမ်းစောင်ထူထူလေးလို့
ကြယ်လေး ခံယူနိုင်မှာမို့လား
ကိုယ့်မျက်ရည်တွေက သူရှိရာ ကောင်းကင်ဆီကို လွင့်မျော ပျံတက်လို့။

ကိုယ်လုပ်နိုင်တာက
တောက်ပတဲ့ ကြယ်ပုံ ပန်းချီကားတွေကို
ကိုယ့်အခန်းနံရံမှာ သပ်သပ်ရပ်ရပ် ကပ်ထားမယ်
ကြိုးတန်းမှာ ကော်ရုပ် ကြယ်ပွင့်လေးတွေ ချိတ်ဆွဲမယ်
သူ့မွေးနေ့မှာ ငွေစက္ကူ အသစ်တွေနဲ့ ကြယ်ပုံ ချိုးပြီး
ဘုရားမှာ လှူမယ်။

ကိုယ် ဒီလို စဉ်းစား ထားပါတယ် ကြယ်လေးရယ်
ကိုယ်တစ်ဦးတည်းအတွက် ရွေးပြီး ထွန်းလင်းခဲ့ပါတယ်ဆိုလည်း။

ပိုင်မင်းဆွေ

၁၃.၂.၂၀၀၈
ညနေ ၇ နာရီ ၁၅ မိနစ်။


Sunday, February 3, 2008

အခန်းရဲ့ အပြင်အဆင် ၃

လှုပ်ပြီးမှ သောက်ပါ
သောက်ပြီးမှ ကျွမ်းတွေ တသွင်သွင်ထိုးနေတော့တယ်
အဲဒါကြောင့်လည်း ဒီဆေးသောက်နေရတာပေါ့တဲ့။
ခင်ဗျားနာမည် ဘယ်လိုခေါ်ပါသလဲ
ကျွန်တော်က ကဗျာဆရာဖြစ်ပါတယ်
ကြုံတုန်း ကျွန်တော့ ခြံထဲ လိုက်ပြပါရစေ
ကျွန်တော့ခြံဟာ ကမ္ဘာမြေ ဖြစ်တယ်။
ခင်ဗျားက ပိုက်ဆံကို ရေလိုရှာတဲ့နည်း ပြောတဲ့အခါ
ကျွန်တော်က ကဗျာကို ရေလိုရှာတဲ့နည်း မပြောတတ်ခဲ့ပါ
ခင်ဗျားလက်နဲ့ ခင်ဗျားချစ်သူ ပြီးပြည့်စုံနေချိန်မှာ
ကျွန်တော့်လက်ကတော့ ပြတ်ထွက်နေခဲ့တယ်။
ကျွန်တော့စားဝတ်နေရေးကို ခင်ဗျားက စိတ်ပူနေပါသလား
ကျွန်တော့်ပိုင်ဆိုင်မှုဟာ ဘီလ်ဂိတ်ထက် များနေပါတယ်။

ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ခံယူသော
က ဗျာ ဆ ရာ
ဖြစ် .. ပါ .. တယ် ။

ပိုင်မင်းဆွေ
..............................................................................

Friday, January 11, 2008

စာပန်းချီထွက်ကြောင်း ခုမှ ကြော်ငြာရခြင်း


စာပန်းချီထွက်တာ ၁ ပတ်ကျော်သွားပြီ ထင်ပါတယ်။
သင့်ကို တစ်စုံတစ်ခု ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်ဆိုတဲ့အကြောင်း ရေးသူ ၊ စီစဉ်သူတွေက ပြောချင်ပါလိမ့်မယ်။
ပထမဆုံး ခြေလှမ်းဖြစ်လို့ မပြည့်စုံမှုတွေရှိခဲ့သော် ခွင့်လွှတ်ပါလို့လည်း ပြောထားပါတယ်။

စာပန်းချီ


ပိုင်မင်းဆွေ

ဆောင်း ၃



ငှက်ကလေးရဲ့ တေးသံလည်း
လေထဲမှာ ခဲသွားလေတယ်။

အပ်တွေထိုးကျလာသလို
တဖောက်ဖောက်နဲ့ နှင်းတွေ
ညီလေး မင်းမှတ်မိလား ၊ မြို့လေးမှာ။

ဆောင်းကို အကောင်းမြင်သူ ချယ်ရီပင်လေး
သူက အပြုံးနဲ့ကြိုတယ်
သူ့အပြုံးက ချယ်ရီပွင့်ရဲရဲလေး။

လမ်းလျှောက်ထွက်လာတဲ့ သူတွေကို ကြည့်ရင်း
ဆောင်းဟာ စိတ်ကောင်းဝင်လာတယ်
မိတ်ဟောင်းတစ်ယောက်လို ကြည်စယ်
နှင်းပွင့်ဖြူဖြူလေးတွေအဖြစ်နဲ့ ။

အညာဆောင်းကို
အညာထည် ဖျင်အကျီလက်ရှည်လေးတွေနဲ့ပဲ
ဖြစ်သလို ဖြတ်သန်းတော့
တစ်ယောက်နဲ့တစ်ယောက် ဖက်ထားရတယ်။

ရိုင်းစိုင်းကြမ်းတမ်းမှုတွေကိုလည်း
သူက ရေခဲရိုက်ပစ်မယ်
ဂျာမနီ ဆောင်းရှုခင်း
သူငယ်ချင်းမလေး ရဲ့ ဓာတ်ပုံထဲ
ကိုယ် ဒီလို မြင်ရတယ်။

(ဆက်ရန်)

ပိုင်မင်းဆွေ

....................................................

Monday, December 17, 2007

ရွေ့လျားစကားပြောစက် ၊ ကျွန်တော်နဲ့ အနီးအဝေး ခေါ်ဆိုမှုများ


ကျွန်တော် နှစ်သက်ရာ တုန်းကို
ကျွန်တော် ရွေးချယ်ခွင့်ရှိသလို
ကျွန်တော် ရွေးချယ်ထားတယ်။

ရွေ့လျားစကားပြောစက်ဟာ ကျွန်တော့်ဘ၀ထဲကို
ခုန်ပျံ ၀င်ရောက်လာခဲ့မယ်လို့
ကျွန်တော် တွေးမထားဘူး။

ရွေ့လျားစကားပြောစက်ဟာ အချစ်ကံခေတဲ့
ကျွန်တော့်လို လူတစ်ယောက်ကို
ခေါ်ဆိုမှုများနဲ့ လှုပ်နှိုး
ဘ၀ဟာ ပြန်လည် ရှင်သန်လာခဲ့တယ်။

ကျွန်တော်ကြိုးစား တည်ဆောက်ခဲ့တဲ့
မြန်မာငွေအသိုက်အမြုံလေးဟာ
ရွေ့လျားစကားပြောစက် ဖြစ်တယ်
ကျွန်တော့်ရဲ့ ရှိစု မဲ့စု ငွေကြေးဟာ
ရွေ့လျားစကားပြောစက် အဖြစ်နဲ့ ထရပ်ကာ
သူက လက်ကလေး နောက်ပစ်လို့ လမ်းလျှောက်နေခဲ့တယ်။

ရွေ့လျားစကားပြောစက်ထဲမှာ ကျွန်တော်က
ဂျန်းဂျီဟွန်းကို ထည့်ထားတယ်
( သူမ ငိုနေပုံက ကျွန်တော့်ကို တုန်လှုပ်စေတယ် )
ကင်ထယ်ဟီးကို ထည့်ထားတယ်
( သူမ ရယ်နေပုံက ကျွန်တော့်ကို လတ်ဆတ်စေတယ် )
ကျွန်တော့်သူငယ်ချင်းများရဲ့ လိပ်စာများ
ကျွန်တော်မှတ်မထားနိုင်တဲ့ အချက်အလက်များ
ကျွန်တော်ရဲ့ ကဗျာရွတ်သံများ
သီချင်းအချို့နဲ့ လူသိနည်းတဲ့ကျွန်တော့်အိပ်မက်များကိုလည်း
ကျွန်တော်က ထည့်ထားသေးတယ်။

ငွေကြေးချို့တဲ့သူ ကျွန်တော့်အတွက်
ကျွန်တော့်ရဲ့မော်ဒယ်မမြင့်တဲ့ ရွေ့လျားစကားပြောစက်ဟာ
နောက်ဆုံးပေါ်ဆော့ဝဲ သုံးစွဲမှုတွေကနေတော့
ကျွန်တော့်ကို ဖြတ်တောက်ထားတယ်။

ရွေ့လျားစကားပြောစက်ကို ကျွန်တော်သုံးစွဲပုံဟာ
ဖက်ရှင်တစ်ခုအနေနဲ့မဟုတ်
စတန့်ထွင်မှုတစ်ခုအနေနဲ့မဟုတ်
မြန်မာငွေပိုလျှံနေလို့လဲမဟုတ်
အဲဒီလို မဟုတ်ခြင်း များစွာရဲ့ နောက်ကွယ်ကနေ
ကျွန်တော် သုံးစွဲခဲ့တာ။

ရွေ့လျားစကားပြောစက်ဟာ ကျွန်တော့်ရဲ့
အလိုက်မသိတဲ့ ကောင်မလေးဆိုလည်းဟုတ်တယ်
( အိပ်နေတဲ့ အခါလည်း ဖုန်းဝင်လာတတ်လို့ )
မဆိုစလောက် ငွေကြေးမြုပ်နှံမှု တစ်ခုဆိုလည်း ဟုတ်တယ်
( မပြေလည်သေးတဲ့ ကျွန်တော့်တွက်တော့ ရွှေစပေါ့ )
စီးပွားရေးထွက်ပေါက် ၊ ကောင်းမွန်သော အခွင့်အလမ်းများနဲ့ ဆက်သွယ်ထားရာ
ပေါင်းကူးလမ်းလေးဆိုလည်း ဟုတ်တယ်
အဝေးရောက်သူငယ်ချင်းများအား ကျွန်တော့်အနားသို့
တွန်းပို့ခေါ်ဆောင်လာရာ ယာဉ်ပျံတစ်မျိုးဆိုလည်း ဟုတ်တယ်
ကြွေးရှင်နဲ့တူတဲ့ လစဉ်ဘေတွေကို
မပြတ်ထုတ်လုပ်ရာ ခပ်ဆိုးဆိုး စက်ရုံတစ်ရုံဆိုလည်း ဟုတ်တယ်

တကယ်တော့ ရွေ့လျားစကားပြောစက်ဟာ
ကောင်းကွက် ဆိုးကွက်များနဲ့ ၀င်ရောက်လာခဲ့တာ
ဆိုင်ကယ်စီးရင်း ဖုန်းပြောတဲ့အခါ တိုက်ခိုက်မှုဖြစ်ပွားနိုင်တယ်
ခေါင်းကိုမော့ပြီး စကားပြောတဲ့အခါ ဘေးလူ အမြင်ကပ်စရာ ဖြစ်နိုင်တယ်
ဆင်းရဲတဲ့ မြန်မာပြည်အတွက် ဒါက ကြွားလုံးထုတ်ခြင်းတစ်မျိုးလည်း ဖြစ်နိုင်တယ်
ဒါပေမယ့် သူက ဘက်ထရီအား မကုန်သရွေ့ အမြဲ အွန်လိုင်းဖြစ်မယ်
သင် စက်ဖွင့်ထားသ၍ သင့်ကို အများက ၂၄ နာရီ ရနေမယ်
သူ့ကို ကိုင်ပြီး ခရီးထွက်ရင် လူများစွာနဲ့ အတူသွားရသလို
ခေါ်ဆိုမှုတွေက သင့်နောက်က လိုက်နေပြီး အဖွဲ့ကျနေမယ်
မီးဘေး ရေဘေး အမြန်သတင်းပေးလို့ရတယ်
သင့်ကို သီချင်းများနဲ့ ဖျော်ဖြေမှာဖြစ်ပြီး သင်ပျင်းတဲ့အခါ
ဂိမ်းတချို့ကိုလည်း ဆော့ကစား နိုင်သေးတယ်
သင့်ရဲ့စကားပြောစက်က မော်ဒယ်မြင့်နေခဲ့မယ် ဆိုရင်တော့
ebook ဖတ်ဖို့ စာစီဖို့ ဓာတ်ပုံရိုက်ဖို့နဲ့
အခြားသောအရာများကိုလည်း သူက
ခွင့်ပြုပါလိမ့်မယ်။

ရွေ့လျားစကားပြောစက်ကြောင့် ကျွန်တော့်မှာ
လတ်တလော ငွေကြေးကြပ်တည်းသွားသော်လည်း
ဘာပဲပြောပြော ကျွန်တော် သူ့ကို ရွေးချယ်ခဲ့ပါတယ်
သူ့ကို သားရေအိတ်လေးထဲမှာ နေရာပေးခဲ့တယ်
သူကြိုက်တဲ့ မနက်စာက အားသွင်းခြင်းဖြစ်တယ်
ရိုသေစွာ ကိုင်တွယ်ခြင်းဖြစ်တယ်
အဓိပ္ပါယ်ရှိတဲ့ call တွေ ခေါ်ဆိုခြင်းဖြစ်တယ်

သူက ရပ်ဝေး ရပ်နီး သတင်းများအကြောင်း
စိတ်ပါရင် ပါသလို အသေးစိတ် ပြောပြတယ်
သတင်းအစီရင်ခံသူ တစ်ယောက်အနေနဲ့လည်း ပြောပြတယ်
မိသားစုဝင်တစ်ယောက်လိုလည်း ပြောပြတယ်
သူစိမ်းတစ်ယောက်လိုလည်း ပြောပြတယ်
စီးပွားရေးသတင်းများအကြောင်း
အဝေးရောက်သူငယ်ချင်းများအကြောင်း
နေ့စဉ် အဖြစ်အပျက်တွေအကြောင်း
နောက်ပြီးတော့ တခုရှိသေးတယ်
သူက အပေါင်းအသင်း အသစ်များအကြောင်း နဲ့
ကျွန်တော် မျှော်လင့်မထားတဲ့ အခြားသောအရာများအကြောင်းကိုလည်း
ကောင်းကောင်း ပြောဆိုပါလိမ့်မယ်။



ပိုင်မင်းဆွေ

(၂၇ နိုဝင်ဘာ ၂၀၀၇)
မွန်းလွဲ ၁ နာရီ ၃ မိနစ်။


.....................................................................................................