လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Friday, March 25, 2011

အဲ့ဒီကနေ ....။

နေမကောင်းလို့လူနာမေးနေရာကနေ ဆေးလိပ်နဲ့အရက်တွေမသောက်နဲ့တော့လို့
မှာနေရာကနေ သူတို့နဲ့မပေါင်းနဲ့တော့လို့ပြောနေရာကနေ အစာတော့စားမှ
ဖြစ်မှာပေါ့လို့ ဆိုနေရာကနေ မသက်သာရင်ဆေးခန်းသွားဖြစ်အောင်သွားလို့
တွန်းနေရာကနေ နင်လည်းပျော်အောင်နေပါလို့ ပို့နေရာကနေ။

အပြင်စာတွေမစားနဲ့လို့ ဝေနေရာကနေ ဘယ်ကနေဘယ်လိုစဖြစ်တာလဲလို့
တောက်နေရာကနေ ဗိုက်မကောင်းရင်ဆန်ပြုတ်ပဲသောက်လေလို့ ကျနေရာကနေ
ဒီလိုဆက်သွားရင်အသက်တိုလိမ့်မယ်လို့ ဆွေးနေရာကနေ အစာမရှိရင်ပိုဆိုးမှာပေါ့
လို့ ရေးနေရာကနေ အဲ့ဒီကနေ... ။

အဲ့ဒီကနေ ဆွတ်ပျံ့ဖွယ်ပန်းခြံတွေဆက်မလာဘူး ရောင်စုံပူပေါင်းတွေဆက်မလာဘူး
ပရိတ်သတ်လက်ခုပ်သံတွေဆက်မလာဘူး မနက်ဖြန်တေးသံတွေ ဆက်မလာဘူး။

ချောကလက်တွေဆက်မလာဘူး မွှေးပွဝက်ဝံရုပ်ကလေးတွေဆက်မလာဘူး ရင်မှာ
ငါမင်းတစ်ယောက်တည်းတွေဆက်မလာဘူး ရှင့်စိတ်ကူးတွေကြားမှာကျွန်မကူးခတ်ချင်
တွေဆက်မလာဘူး အဲ့ဒီတုန်းကအချိန်လေးတွေကိုသတိရလိုက်တာကွယ်တွေ
ဆက်မလာဘူး မင်းအတွက်ကိုယ်ကြိုးစားနေတယ်တွေဆက်မလာဘူး အတူနေကြ
ရအောင်နော်တွေဆက်မလာဘူး ရှင်လည်းစိတ်လျော့ကျွန်မလည်းလိမ္မာတော့မယ်
တွေဆက်မလာဘူး စကားပန်းတွေကိုခုထိကျွန်မချစ်နေတုန်းပဲတွေဆက်မလာဘူး
အရင်လိုဆိုင်ကယ်လေးမောင်းပြီး လျှောက်လည်ရအောင်တွေ ဆက်မလာဘူး
ကိုထွန်းဆိုင်မှာ ဒီလိုပြောခဲ့တာပေါ့ကွာတွေဆက်မလာဘူး ငါ့အကြောင်းစိုးမြင့်သိန်းတို့
အသိဆုံးပါတွေဆက်မလာဘူး သောက်ရေခွက်တွေအမြဲဆေးကြောသန့်စင်ထားတဲ့အိမ်တွေ
ဆက်မလာဘူး ဘုရားသွားကျောင်းသွား ငါးကလေးငှက်ကလေးလွှတ်ရအောင်တွေ
ဆက်မလာဘူး သစ်သားတံခါး၊၀ါးပက်လက်ကုလားထိုင်နဲ့စံပယ်ရုံခြံတွေဆက်မလာဘူး
ခေါင်းလောင်းသံထီးရိပ်မှာ အေးရာအေးကြောင်းတွေဆက်မလာဘူး အေးစက်သွားတဲ့
ငါ့နှလုံးသား မင်းနဲ့တွေ့မှနိုးလာတယ်တွေဆက်မလာဘူး အချစ်နဲ့ဘ၀ကိုတည်ဆောက်မယ်
တွေ ဆက်မလာဘူး။

အဲ့ဒီကနေ... ဘာမှ ဆက်မလာဘူး။

နင့်အစားငါရှက်လို့ပါလို့ ပြောနေရာကနေ ကျွန်မဒီ့ထက်မခံစားနိုင်တော့ဘူးလို့
ဖွင့်နေရာကနေ ကိုယ်ယူကျုံးမရဖြစ်လို့ပါကွာလို့ ဆို့နင့်ကြေကွဲနေရာကနေ။

ပိုင်မင်းဆွေ
(၅ ဇန်န၀ါရီ ၂၀၁၁)
၂ နာရီ ၁၈ နေ့လည်။

Tuesday, March 22, 2011

ငှက်ကလေး

မင်းလာနားပုံကမယုံနိုင်စရာ
တိုးတိတ်ညင်သာလွန်းရဲ့
ရှုခင်းမဲ့ပြတင်းပေါက်အသေထဲ
မင့်ရဲရင့်ဖျတ်လတ်တောင်ပံခတ်သံနဲ့
အမှန်တွေဟာသက်ဝင်လင်းပြက်လို့

ငှက်ကလေး…
မင်းဟာ ကမ္ဘာဦးဂူနံရံမှာ
ငါရေးခြစ်ခဲ့တဲ့ သိစိတ်မဲ့ပန်းချီကား
အလင်းကန်းနေတဲ့ မျက်လုံးတွေရဲ့တံခါးကို
မင်းရင်ထဲကသီချင်းစာသားနဲ့ ဖွင့်ခဲ့တယ်…
အရှုံးမဟုတ်ဘူး ငှက်ကလေး…

ငြိမ်းချမ်းရေးဆိုတာ
ချစ်ခြင်း မေတ္တာရဲ့ ထိုးမြဲလက်မှတ်ပါ
မင်းပျံသန်းသွားပြီးတဲ့နောက်မှာ
ငါဟာ ငြိမ်းချမ်းစွာချစ်ခဲ့တယ်…
ငါဟာငြိမ်းချမ်းစွာ…

ငါဟာ…
ငှက်ကလေး…
မင်းစတေးခဲ့တဲ့တောင်ပံတွေရဲ့ တံစက်မြိတ်မှာ
ငါ့အမှောင်စိတ်သွေးတိတ်ခဲ့ပေါ့
မရေရာသူတွေရဲ့ စကားမှာတော့
မင်း ပျံသန်းပျောက်ပျက်ခဲ့ပြီတဲ့
ရင်ထဲကိုလာနားတဲ့ ငှက်ဆိုတာ
တစ်သက်လုံးပျောက်ပျက်ဖို့ ပျံသန်းမှာ မဟုတ်ဘူး
ငါ အဲဒီလို ယုံကြည်ဖွဲ့ဆိုခဲ့တယ် ။ ။

မင်းစိုးရာ
၂၀၀၅၊ ရုပ်ရှင်သစ္စာမဂ္ဂဇင်း။

မိတ်ဆွေ ကဗျာဆရာ မင်းစိုးရာ ရဲ့ ငှက်ကလေးပါ။ ခင်ဗျားရင်ထဲကို သူ ပျံသန်းလာရဲ့လား။ ကျွန်တော့် နံရံတွေကိုတော့ သူ ဖြတ်သန်း သွားခဲ့တယ်။