လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Monday, December 17, 2007

ရွေ့လျားစကားပြောစက် ၊ ကျွန်တော်နဲ့ အနီးအဝေး ခေါ်ဆိုမှုများ


ကျွန်တော် နှစ်သက်ရာ တုန်းကို
ကျွန်တော် ရွေးချယ်ခွင့်ရှိသလို
ကျွန်တော် ရွေးချယ်ထားတယ်။

ရွေ့လျားစကားပြောစက်ဟာ ကျွန်တော့်ဘ၀ထဲကို
ခုန်ပျံ ၀င်ရောက်လာခဲ့မယ်လို့
ကျွန်တော် တွေးမထားဘူး။

ရွေ့လျားစကားပြောစက်ဟာ အချစ်ကံခေတဲ့
ကျွန်တော့်လို လူတစ်ယောက်ကို
ခေါ်ဆိုမှုများနဲ့ လှုပ်နှိုး
ဘ၀ဟာ ပြန်လည် ရှင်သန်လာခဲ့တယ်။

ကျွန်တော်ကြိုးစား တည်ဆောက်ခဲ့တဲ့
မြန်မာငွေအသိုက်အမြုံလေးဟာ
ရွေ့လျားစကားပြောစက် ဖြစ်တယ်
ကျွန်တော့်ရဲ့ ရှိစု မဲ့စု ငွေကြေးဟာ
ရွေ့လျားစကားပြောစက် အဖြစ်နဲ့ ထရပ်ကာ
သူက လက်ကလေး နောက်ပစ်လို့ လမ်းလျှောက်နေခဲ့တယ်။

ရွေ့လျားစကားပြောစက်ထဲမှာ ကျွန်တော်က
ဂျန်းဂျီဟွန်းကို ထည့်ထားတယ်
( သူမ ငိုနေပုံက ကျွန်တော့်ကို တုန်လှုပ်စေတယ် )
ကင်ထယ်ဟီးကို ထည့်ထားတယ်
( သူမ ရယ်နေပုံက ကျွန်တော့်ကို လတ်ဆတ်စေတယ် )
ကျွန်တော့်သူငယ်ချင်းများရဲ့ လိပ်စာများ
ကျွန်တော်မှတ်မထားနိုင်တဲ့ အချက်အလက်များ
ကျွန်တော်ရဲ့ ကဗျာရွတ်သံများ
သီချင်းအချို့နဲ့ လူသိနည်းတဲ့ကျွန်တော့်အိပ်မက်များကိုလည်း
ကျွန်တော်က ထည့်ထားသေးတယ်။

ငွေကြေးချို့တဲ့သူ ကျွန်တော့်အတွက်
ကျွန်တော့်ရဲ့မော်ဒယ်မမြင့်တဲ့ ရွေ့လျားစကားပြောစက်ဟာ
နောက်ဆုံးပေါ်ဆော့ဝဲ သုံးစွဲမှုတွေကနေတော့
ကျွန်တော့်ကို ဖြတ်တောက်ထားတယ်။

ရွေ့လျားစကားပြောစက်ကို ကျွန်တော်သုံးစွဲပုံဟာ
ဖက်ရှင်တစ်ခုအနေနဲ့မဟုတ်
စတန့်ထွင်မှုတစ်ခုအနေနဲ့မဟုတ်
မြန်မာငွေပိုလျှံနေလို့လဲမဟုတ်
အဲဒီလို မဟုတ်ခြင်း များစွာရဲ့ နောက်ကွယ်ကနေ
ကျွန်တော် သုံးစွဲခဲ့တာ။

ရွေ့လျားစကားပြောစက်ဟာ ကျွန်တော့်ရဲ့
အလိုက်မသိတဲ့ ကောင်မလေးဆိုလည်းဟုတ်တယ်
( အိပ်နေတဲ့ အခါလည်း ဖုန်းဝင်လာတတ်လို့ )
မဆိုစလောက် ငွေကြေးမြုပ်နှံမှု တစ်ခုဆိုလည်း ဟုတ်တယ်
( မပြေလည်သေးတဲ့ ကျွန်တော့်တွက်တော့ ရွှေစပေါ့ )
စီးပွားရေးထွက်ပေါက် ၊ ကောင်းမွန်သော အခွင့်အလမ်းများနဲ့ ဆက်သွယ်ထားရာ
ပေါင်းကူးလမ်းလေးဆိုလည်း ဟုတ်တယ်
အဝေးရောက်သူငယ်ချင်းများအား ကျွန်တော့်အနားသို့
တွန်းပို့ခေါ်ဆောင်လာရာ ယာဉ်ပျံတစ်မျိုးဆိုလည်း ဟုတ်တယ်
ကြွေးရှင်နဲ့တူတဲ့ လစဉ်ဘေတွေကို
မပြတ်ထုတ်လုပ်ရာ ခပ်ဆိုးဆိုး စက်ရုံတစ်ရုံဆိုလည်း ဟုတ်တယ်

တကယ်တော့ ရွေ့လျားစကားပြောစက်ဟာ
ကောင်းကွက် ဆိုးကွက်များနဲ့ ၀င်ရောက်လာခဲ့တာ
ဆိုင်ကယ်စီးရင်း ဖုန်းပြောတဲ့အခါ တိုက်ခိုက်မှုဖြစ်ပွားနိုင်တယ်
ခေါင်းကိုမော့ပြီး စကားပြောတဲ့အခါ ဘေးလူ အမြင်ကပ်စရာ ဖြစ်နိုင်တယ်
ဆင်းရဲတဲ့ မြန်မာပြည်အတွက် ဒါက ကြွားလုံးထုတ်ခြင်းတစ်မျိုးလည်း ဖြစ်နိုင်တယ်
ဒါပေမယ့် သူက ဘက်ထရီအား မကုန်သရွေ့ အမြဲ အွန်လိုင်းဖြစ်မယ်
သင် စက်ဖွင့်ထားသ၍ သင့်ကို အများက ၂၄ နာရီ ရနေမယ်
သူ့ကို ကိုင်ပြီး ခရီးထွက်ရင် လူများစွာနဲ့ အတူသွားရသလို
ခေါ်ဆိုမှုတွေက သင့်နောက်က လိုက်နေပြီး အဖွဲ့ကျနေမယ်
မီးဘေး ရေဘေး အမြန်သတင်းပေးလို့ရတယ်
သင့်ကို သီချင်းများနဲ့ ဖျော်ဖြေမှာဖြစ်ပြီး သင်ပျင်းတဲ့အခါ
ဂိမ်းတချို့ကိုလည်း ဆော့ကစား နိုင်သေးတယ်
သင့်ရဲ့စကားပြောစက်က မော်ဒယ်မြင့်နေခဲ့မယ် ဆိုရင်တော့
ebook ဖတ်ဖို့ စာစီဖို့ ဓာတ်ပုံရိုက်ဖို့နဲ့
အခြားသောအရာများကိုလည်း သူက
ခွင့်ပြုပါလိမ့်မယ်။

ရွေ့လျားစကားပြောစက်ကြောင့် ကျွန်တော့်မှာ
လတ်တလော ငွေကြေးကြပ်တည်းသွားသော်လည်း
ဘာပဲပြောပြော ကျွန်တော် သူ့ကို ရွေးချယ်ခဲ့ပါတယ်
သူ့ကို သားရေအိတ်လေးထဲမှာ နေရာပေးခဲ့တယ်
သူကြိုက်တဲ့ မနက်စာက အားသွင်းခြင်းဖြစ်တယ်
ရိုသေစွာ ကိုင်တွယ်ခြင်းဖြစ်တယ်
အဓိပ္ပါယ်ရှိတဲ့ call တွေ ခေါ်ဆိုခြင်းဖြစ်တယ်

သူက ရပ်ဝေး ရပ်နီး သတင်းများအကြောင်း
စိတ်ပါရင် ပါသလို အသေးစိတ် ပြောပြတယ်
သတင်းအစီရင်ခံသူ တစ်ယောက်အနေနဲ့လည်း ပြောပြတယ်
မိသားစုဝင်တစ်ယောက်လိုလည်း ပြောပြတယ်
သူစိမ်းတစ်ယောက်လိုလည်း ပြောပြတယ်
စီးပွားရေးသတင်းများအကြောင်း
အဝေးရောက်သူငယ်ချင်းများအကြောင်း
နေ့စဉ် အဖြစ်အပျက်တွေအကြောင်း
နောက်ပြီးတော့ တခုရှိသေးတယ်
သူက အပေါင်းအသင်း အသစ်များအကြောင်း နဲ့
ကျွန်တော် မျှော်လင့်မထားတဲ့ အခြားသောအရာများအကြောင်းကိုလည်း
ကောင်းကောင်း ပြောဆိုပါလိမ့်မယ်။



ပိုင်မင်းဆွေ

(၂၇ နိုဝင်ဘာ ၂၀၀၇)
မွန်းလွဲ ၁ နာရီ ၃ မိနစ်။


.....................................................................................................

Friday, December 7, 2007

စာပန်းချီ.. အွန်လိုင်းမဂ္ဂဇင်း


..................................................................................................................................





ဒါကတော့ လွန်ခဲ့တဲ့ တပတ်လောက်က ကျွန်တော့်ဆီကို ၀င်လာတဲ့ ညီလေးတစ်ယောက် မိတ်ဆက်ပေးခဲ့တဲ့ သူတို့နေရာလေးပါ။ သူတို့ အွန်လိုင်း မဂ္ဂဇင်း လုပ်ကြမယ်တဲ့ .. ပြောပါတယ်။ ကျွန်တော့်ကိုလည်း ကဗျာလေးတွေ တောင်းပါတယ်။ သူ့ဆီကိုလည်း လာလည်ဖို့ ဖိတ်တော့ သူတို့နေရာလေးကို သွားကြည့်ဖြစ်ပါတယ်။ အဲဒီမှာ ကဗျာတွေ တွေ့ပါတယ်။ သူတို့ဟာ ဘယ်သူတွေ ဖြစ်တယ် ဆိုတာကို
သေချာ မသိပေမယ့် ကဗျာတွေကို တွေ့လိုက်ရတော့.. မောင်ချောနွယ်ရဲ့ စကားတစ်ခွန်းကို သွားသတိရတယ်။

" လမ်းတူရင် လူချင်းတွေ့မှာပါ "။

သူတို့ ဘယ်လောက်ထိ အနုပညာဆီကို တိမ်းညွတ်ကြသလဲ ဆိုတာတော့ အချိန်ကပဲ ဆုံးဖြတ်သွားပါလိမ့်မယ်။ ဘာပဲပြောပြော ကျွန်တော်ကတော့ ကြိုဆိုပါတယ်။ စာမူတွေ တောင်းတော့ ကျွန်တော်ကလည်း ကျွန်တော်လက်လှမ်းမီရာ စုစည်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ တချို့ဆီကတော့ ရပါပြီ။ ကျွန်တော်နဲ့ ဂျီတော့ အဆက်အသွယ်ရှိတဲ့သူတွေဆီကပေါ့။ အဓိက ကတော့ ဘလော့ဂါတွေထဲက ကျွန်တော်တောင်းလို့ ရမယ်လို့ ထင်တဲ့ သူတွေ ဆီကပါ။ တကယ်လို့ သင်လည်း စိတ်ဝင်စားခဲ့မယ် ဆိုရင် သင့်ရဲ့ အကောင်းဆုံးလေးတွေကို လှမ်းပို့နိုင်ပါတယ်။ စာပန်းချီကို တိုက်ရိုက်လှမ်းပို့လို့ ရသလို ကျွန်တော့်ဆီကိုလည်း ပို့နိုင်ပါတယ်။ စာပန်းချီကို တိုက်ရိုက်လှမ်းပို့တာကို စာပန်းချီက ပိုမိုသဘောကျမည်ဖြစ်သော်လည်း တကယ်လို့ သင်အနေနဲ့ စိမ်းနေခဲ့မယ်ဆိုရင် ကျွန်တော်ဆီကို လှမ်းပို့နိုင်ပါတယ်။ ( ဘလော့ရေးသူချင်းချင်းကတော့ မစိမ်းဘူးမို့လား ) ။

poemroad2@gmail.com

ကျွန်တော်က တာဝန်ယူကာ ပို့ပေးနိုင်ပါတယ်။ ပါဝင်နိုင်မယ့် စာမူအမျိုးအစားတွေကတော့အထက်မှာ ကြည့်နိုင်ပါတယ်။ ဇန်န၀ါရီ ၁ ရက်နေ့ထွက်မယ်လို့ပြောပါတယ်။ ၁၅ ရက် နောက်ဆုံးထားပြီး ပို့ရမှာပါ။ ဒါမှသာ သရုပ်ဖော်ပုံတွေ ဆွဲဖို့ မီမယ်လို့ပြောပါတယ်။ စာပန်းချီ လင့်တွေကတော့

magazine@poemscorner.com

http://www.poemscorner.com/sarpaji


ကျွန်တော်တို့ စာပန်းချီမှာ ပြန်တွေ့ကြပါမယ်။



နောင်တော် ပိုင်မင်းဆွေ

၇.၁၂.၂၀၀၇
သောကြာနေ့

............................................................

Thursday, November 29, 2007

မင်း.. စိတ်ချ လက်ချ မုန်းလိုက်တော့

ငါ ဒဏ်ရာတွေနဲ့ လဲနေတော့
မင်းလည်း ရယ်မနေနိုင်ဘူးဆိုတာ ငါသိပါတယ်။

ဒါပေမယ့် ( အဲဒီ ဒါပေမယ့်ဟာ ဆက်မတွေးရဲစရာ )
မင်း တွင်တွင်ကြီး ပြောင်းလဲသွားခဲ့တယ်။

ငါ့ဘ၀က အနိမ့်အမြင့် အတက်အကျ ရှိကောင်းရှိမယ်
မအောင်မြင်တဲ့ အချစ်ဇာတ်လမ်းတွေ အများကြီး ဖြတ်သန်းရင် ဖြတ်သန်းခဲ့ဖူးမယ်
လူတစ်ယောက်ကို မင်း ဘယ်လို စံတွေနဲ့ ကြည့်မလဲ
ငါဟာ စိတ်ကူးကောင်းသူ ဆိုတဲ့ စကား အစား ၊ စိတ်ကူးယဉ်တတ်သူလို့
ခုတော့ မင်း ထည်လဲ သုံးစွဲ
ရတယ် သုံးစွဲ။

စာအုပ်လေးတွေ ဘေးချပြီး မြက်ခင်းပေါ်ထိုင်တုန်းက
ဆန့်ခင်းထားတဲ့ မင်း အချစ်စိတ်နဲ့ ရင်ခုန်သံကို ငါက လျစ်လျူရှုပြီး
ဘ၀ဒဿနတွေ ဖွင့်နေခဲ့မိတယ်
ငါ့ရဲ့ ဒဿနက ဘာလဲ ( ရတယ် မင်းမဖြေနဲ့ )

အချစ်ဟာ မသမာမှုတစ်ခုမဟုတ်ဘူး
လူရှေ့ ဆိုင်ကယ်ဘိန်းထောင် စတန့်ထွင်ခြင်းမဟုတ်ဘူး အချစ်ဆိုတာ
ကျမ်းဆန်ဆန် ချိန်သားကိုက် လှုပ်ရှားမှုတစ်ခုလည်း မဟုတ်ဘူး
ဒါဟာ နေသာတဲ့နေ့မှာ တေးသီခြင်းဖြစ်တယ်
သိမ့်မွေ့မှုနဲ့ ကိုယ်ချင်းစာတရားကို နေရောင်ထဲမှာ ထောင်ကြည့်ခြင်းဖြစ်တယ်
ဒုက္ခတွေကို အတူတူ လက်တွဲဖြေရှင်းရင်း ကဗျာတစ်ပုဒ် ကောက်ရွတ်ခြင်းဖြစ်တယ်
မင်းကို ဒေါကန်တဲ့အခါ ငါ ပြောတတ်တဲ့
ကမ္ဘာ့အကောင်းဆုံး ပျက်လုံးကြီးတစ်ခုလည်း
ဖြစ်သေးတယ်။

အခု ငါ့ ဂျီတော့လစ်(စ်)ထဲက မင်းနာမည်
မင်း ဂျီတော့လစ်(စ်)ထဲက ငါ့နာမည်
မင်း ဖယ်ရှားပစ်လား ငါ ဖယ်ရှားပစ်လား
မဖယ်ဘူး
ဒါဆို ဒီအတိုင်း ထိုင်ကြည့်နေရမှာလား
ရတယ် ကြည့်နေ
ငါတို့ သေတဲ့ထိ ကြည့်နေ
ဘယ်တော့မှ နှုတ်မဆက်နဲ့
ဟဲလို မပြောနဲ့
မင်း ခါးသီးမှုဟာ ငါ့ ခန္ဓာကိုယ်အနှံ့
အဆိပ်လူး ဓားမြှောင်တွေလို မပြတ်တမ်း စိုက်ဝင်တယ်
သူငယ်ချင်းတွေက တဆင့်ရောက်လာတဲ့ ငါ့အပေါ်
မင်းရဲ့ ရင့်ရင့်သီးသီး စွပ်စွဲချက်တွေ ထိုးနှက်မှုတွေ
ငါ အခု ကောင်းကောင်းကြီး ခံယူနေတယ်
ငါရှောင်ပုန်းနေမယ်လို့ မင်းထင်လား
ရတယ် မင်းထင်ပါ
မင်းဆီက တခြားအရာတွေ မမျှော်လင့်ပေမယ့်
( ဥပမာ အရင်လို ချစ်ပါတယ်ဆိုတဲ့ စကား နဲ့ မင်းရဲ့ အသုံးဝင်မှုတွေ)
မင်းမုန်းမှာကိုတော့ ဘယ်တော့မှ မလိုချင်သူ
ရတယ်
ငါ့ကို မင်းမုန်းလိုက်တော့။


အေး ...
ဘ၀ဆိုတာကို တစ်ခုခု မင်း အဓိပ္ပါယ်ဖွင့်လိုက်ပါ
ပြီးရင် ငါ့ပါးကို အကြိမ်နှစ်သန်းလောက် ရိုက်ပြီး
မင်းထွက်သွားပါ
မင်းသွေးအေးသွားပြီလို့ ထင်ရတဲ့ တစ်နေ့နေ့မှာ မင်းကို ငါ ဖုန်းခေါ်မယ်
အတူတူ တစ်ခါလောက် ထမင်းအတူစားမယ်
အရင်လို လမ်း တစ်ခါလောက် အတူလျှောက်ပြီး
ငါတို့ဟာသဇာတ်လမ်းကို တစ်ခါလောက် အတူတူ ရယ်မယ်
ပြီးရင် ဘယ်တော့မှ မတွေ့ကြတော့ဘူး။

( မင်းနာကျင်နေမှာ ကိုတော့ စကားကြီးစကားကျယ်တွေ ပြောတတ်တဲ့ ငါဆိုတဲ့ကောင်က
စိုးရိမ်ပါတယ်တဲ့ )
အဲဒီတော့ ငါ့ကို စာနာသောအားဖြင့် မင်း နာကျင်မနေပါနဲ့။

ငါဟာ ယောင်္ကျားကွ ငါဒေါကန်တဲ့အခါ
ဖန်ခွက်တွေပေါက်ခွဲ ( ဒီလိုပေါက်ကွဲမှုမျိုးနဲ့ )
မင်းကောင်ဆီက အပေါ်ယံ စကားချိုချိုလေးနဲ့တော့
ငါ့ကို လာမနှိုင်းနဲ့
မင်းကောင်တွေက မင်းဆီက ဘာကိုမျှော်လင့်တာလဲလို့ မင်းထင်နေလဲ
မင်းတွေးကြည့် ၊ မင်းစိတ်အေးအေးထားပြီးတွေးကြည့်။

မင်းဘ၀ အောင်မြင်လာတာ ကြည့်ရင်း ငါ ၀မ်းသာတယ်
မင်းဟာ အရင်ကထက် အထက်တန်းဆန်လာပြီး ပိုကြည့်ကောင်းလာတယ်
ငါ့အကြည့်မှာ လိင်စိတ် နဲ့ မျှော်လင့်ချက်ထည့်ပြီးမကြည့်ဘူး ( ရှင်းလား )
ငါ့ မုဒိတာ တရားဟာ မင်း ကိုယ်ပေါ်မှာ ဝေလို့ ဖြာလို့
သီးပွင့်လို့

မင်း အင်္ဂလိပ်စာ ပိုမို ရှင်းလင်း ပြတ်သားလာမှုနဲ့ အတန်းပညာ ဆုံးခန်းတိုင်မှုမှာ
ငါကတော့ ငွေကြေးနဲ့ ပေါင်းသင်းဆက်ဆံရေးဖက်ကို လှည့်နေခဲ့ရ
မင်း မနက်ဖြန် ရွှေရောင်သန်းနေချိန်မှာ ငါ့လူ့အဖြစ်ဟာေ၀၀ါးနေဆဲ
ငါ့ဘ၀က ကြမ်းပါတယ်ကွာ။

နှစ်တွေလည်း ကြာခဲ့ပါပြီ
ခုမှ ငါက သွေးရူးသွေးတန်း ထအော်တာ ( အဲလို ဟုတ်လား )
မိုးလေကင်းလွတ်တဲ့နေ့မှာ အချစ်သီချင်း အသစ်တစ်ပုဒ်တော့
မင်း ဆိုဖြစ်အောင် ဆိုလိုက်ပါ
ဘ၀ဟာ ဘယ်သူမှားတယ် မှန်တယ် ငြင်းခုံနေရုံနဲ့
ကုန်ဆုံးမသွားသင့်ဘူး
မင်းရဲ့ ငယ်ရွယ်နုပျိုမှုတွေနဲ့ မင်း ထက်မြက်မှုမှာ
မင်း ဆုံးဖြတ်ချက် မှန်ကန်ဖို့
မင်း မကြိုးစားရင် မင်း မှားမှာပဲ
အဲဒီတော့
မင်းငါ့ကို လွတ်လွတ်ကျွတ်ကျွတ်ကြီး မုန်းလိုက်တော့။


ပိုင်မင်းဆွေ

၂၉.၁၁.၂၀၀၇
မနက် ၇ နာရီ မိနစ် ၅၀။


..........................................................................................

Thursday, November 22, 2007

ကြယ် ၂


နိမ့်ရာအရပ်သို့
မျက်ရည်တွေ စီးဆင်းလာတဲ့နေ့ဟာ
စမ်းချောင်းလေးရဲ့ ရေအရင်းအမြစ်များ ဖွင့်ပွဲ
( ပူပေါင်းတွေ လေပေါ်ပျံတက် မသွားခဲ့ပါဘူး )

လူ့ဘ၀ကို မသမာမှုတစ်ခုလို့
တစ်ယောက်တည်း ခပ်တိုးတိုး ညည်းဆိုပေါက်ကွဲမှု
လမ်းထိပ် အရက်ဆိုင်လေးထဲမှာ ဖြစ်ပွားခဲ့တယ်။

သူ
အရောင်မွဲမွဲ ပန်းချီကားတစ်ချပ်
မကြိုက်ရင် ပယ်ထားနိုင်တယ်
အမှိုက်ပုံးထဲရောက်သွားသော စာမူများ
( အဲဒီ စာမူလို ဘ၀ တစ်ခု )

သူ စဉ်းစားနေပုံရတယ်
သူ အဖြေထွက်သွားရဲ့လား
သူ သုတ်သုတ် သုတ်သုတ် နဲ့ ထွက်ခွာသွားပြန်တယ်
သူ ပြန်ရောက်မလာတော့ဘူး။

ဒဏ်ရာကို ဒဏ်ရာအတိုင်း
ဒီအတိုင်းထားကာ သူငယ်ချင်းတွေကို
အပြုံးမပျက်ဧည့်ခံ
သွေးတွေကို လူတွေမလာခင်
ရေအ၀တ်နဲ့ ရှင်းလင်းထားတယ်။

အားလုံးအတွက်နေ့ အားလုံးအတွက်ည
ဘီယာပုလင်းတွေ ဖောက်ပြီး ၊ အမြုပ်တွေ ပန်းထွက်လို့
တစ်ချို့က သူတို့ရဲ့ အကောင်းဆုံးတွေနဲ့ ယှဉ်တွဲ ရပ်ကာ
ဓာတ်ပုံအရိုက်ခံကြတယ်
သူ
ဘာတစ်ခွန်းမှ ၀င်မစွက်ဖက်ဘဲ
အေးအေးလေး ငေးနေခဲ့တယ်။



ပိုင်မင်းဆွေ


မနက် ၉ နာရီ ၂၈ မိနစ်
၂၀ နိုဝင်ဘာ ၂၀၀၇။





Thursday, November 8, 2007

ခရေ


ခရေတို့နေတဲ့ အိမ်လေးက
ယိုင်နဲ့နေပြီ
ခရေ ၊ အကြီးမ
ဗန်းကလေးကိုင်ပြီး ထွက်လာခဲ့တယ်။

ခရေ ရဲ့ ဗန်းထဲမှာ
ဘာတွေပါသလဲ
မနက်ဖြန်တွေ ပါတယ် တဲ့
ဟဲ့ .. ပလုပ်တုတ် ဒီကောင်မလေး
လူကို ၀င်တိုက်ရလား
ခရေအတွေးလွန်နေစဉ် အမြန် လှမ်းဖမ်းတယ်
တံတောင်ဆစ်မှာ သွေးစို့သွားပေမယ့်
ဗန်းက မှောက်မကျဘူး
မပြောဘူးလား မနက်ဖြန်တွေ ပါတယ်ဆိုတာ
မှောက်လို့မဖြစ်ဘူး ယုံပြီလား ။

ခရေက ဥာဏ်ကောင်းတော့ ဗန်းထဲမှာ
အခြားအရာတွေ တင်ရောင်းတတ်လာတယ်
ခရေ ကုန်စုံ ဆိုင်လေး ပိုင်လာခဲ့တယ်။

ခရေ မောင်လေးကို ကျောင်းထားတယ်
အပျိုပေါက်အငယ်မကို အ၀တ်ဆင်တယ်
အမေ့ရောဂါကို ဆေးခန်းပြနိုင်လို့ ပျော်
သူ့အိမ်လေးကို ပြင်နိုင်သွားပြီ
အိမ်မှာ ဆိုင်းဘုတ်တင်လိုက်တယ်
မခရေ အပ်ချုပ်ဆိုင် တဲ့။

ခရေတစ်ယောက် အပ်ချုပ်ဆိုင် ဖွင့်ပြီး
အထည်ချုပ်နေတာလဲ တစ်ခါမှ မမြင်ဖူးဘူး
ခရေ့ကုန်စုံဆိုင်လေးက
တစ်ရက် ဘယ်လောက် ရောင်းရမှာတဲ့လဲ
ဘာလဲ ခရေ့ အိမ်လေးရဲ့ ၀င်ငွေနဲ့ ထွက်ငွေကို
တွက်ပြရမှာလား
မတွက်ပြဘူး မတွက်ပြဘူး
မိခရေ ကို သနားလို့
ဘေးအိမ်က မတင်ရီ ပြောရင်း မျက်ရည်စို့လာတယ်။

တနေ့ ကျွန်တော် မနက်စောစော အပြေးလေ့ကျင့်တော့
အမှောင်မကွဲသေး ၊ လမ်းထဲ ကားလေး ချိုးကွေ့လာ
ခရေ့အိမ်လေးမရောက်ခင် အကွယ်၊ ထိုးရပ်လိုက်တယ်
ခြေထောက်လှလှလေး တစ်ဖက် ကျလာ
ဘေးဘီ ဟိုဒီ ကြည့်ကာ အိမ်ထဲကိုပြေးဝင်သွား
အဲဒါ ကျွန်တော် သိပ်မြတ်နိုးရတဲ့
ခရေ။


ပိုင်မင်းဆွေ

၆ နိုဝင်ဘာ ၂၀၀၇
ည ၁၁ နာရီ ၂၁ မိနစ်။



Wednesday, November 7, 2007

ဆောင်း၂

အသံကုန်အောင်
နှင်းထဲ ထိုးအော်ကြည့်
မပေါက်ဘူး။

စေ့နေအောင် ပိန်းပိတ်နေပုံ
ငှက်ကလေးတွေ တေးမဆိုအောင်
ချုပ်လုပ်ထားလား ဆောင်း။

သူ့ကိုတိုက်ခိုက်ဖို့
ဆွယ်တာလေးတွေ ထပ်ဝတ်ထားကြတယ်
အဲဒါကိုပဲ ဆောင်းက သဘောအကျကြီးကျကာ
တဟားဟား အော်ရယ်ပြန်တယ်
အဲဒီ ရယ်သံဟာ ပုဇဉ်းရင်ကွဲ အသံတွေအဖြစ်
မှောင်ထဲမှာ သောင်းကျန်းနေပြန်တယ်။

အရိုးတွေကို ဆောင်းက
အပျက်မလို့သဘောထားကာ ခပ်ကြမ်းကြမ်း ပွေ့ဖက်
တုန်လို့ ခိုက်လို့
စောင်ထဲက လက်ကလေး မထုတ်လိုက်နဲ့
ထန်ကနဲ အသံပေးကာ ကျကွဲသွားမယ်။

အေးခဲမှုမှာ မှင်တက်နေသူ
ပဲခင်းစောင့် တောင်ယာတဲလေး
မြို့ကြီးပြကြီးရဲ့ ကိုးလက်မအထူ အာစီတိုက်ကြီးက
လူတွေကို ကာကွယ်ထားသလို
သူလည်း ကာကွယ်ထားတာပါပဲ

ဆောင်းကိုချောင်းရိုက်ဖို့
တတ်နိုင်ပါ့မလား အတွေးမဆုံးခင်
အဲဒီ စက်စက်မြည်အောင် အအေးထဲကြီး
လူတစ်ချို့ ထထွက်လာတယ်
ကိုယ့်အပူနဲ့ကိုယ်မို့ မမြင်တော့တဲ့ပုံစံ
နှင်းထဲတိုးကာ လောင်မြိုက်ကြတယ်
ဆောင်းကလည်း မရတော့ဘူး
ကြောက်မယ်ဖွယ် အေးခဲ ပြ
သူ့ရဲ့အစွယ်ကို ထုတ်ပြ
ဘယ်လိုမှ မမီတော့ဘူး
စိတ်လျော့သွားတဲ့ ဆောင်း
အတတ်နိုင်ဆုံး ကျွန်တော် တာဝန်ကျေခဲ့ပါတယ်တဲ့
ဆောင်းက။


ပိုင်မင်းဆွေ

၆ နိုဝင်ဘာ ၂၀၀၇


Tuesday, November 6, 2007

ငါးကလေးရေ မင်းဟာ ....
ပျံသန်းတတ်တယ် ဆိုတာ ဟုတ်ပါသလား


ငါးကလေး တစ်ကောင်ရှိတယ်။
ကျွန်တော့မှာ ငါးကလေး တစ်ကောင်ရှိတယ်။

ငါးကလေးက
ကျွန်တော့်ဘ၀ကို ပင်လယ်တစ်ခုတဲ့
ရေကူးကျွမ်းကျင်တဲ့ ငါးကလေး။

ကျွန်တော့ ဆံပင်ရှည်တွေကို
ရေမှော်ပင် လှလှလေးတွေလို့ ထင်နေတတ်ပြီး
ကျွန်တော့် စိတ်ကူးများကြားထဲ
ကူးခတ်တတ်သော ငါးကလေး။

ငါး ဆိုတာ သွေးအေးသတ္တ၀ါ
ငါးနဲ့ အပေါင်းအသင်း မလုပ်ဖို့
ငါးနဲ့ ကော်ဖီအတူ မသောက်ဖို့
ဝိုင်းပြောကြတယ်။

ခင်ဗျားတို့မသိပါဘူး
သူက ငါးဖြစ်နေတာက လွဲပြီး
သူဟာ လွတ်လွတ်လပ်လပ် ကူးခပ်တတ်တာက လွဲပြီး
သူက ချစ်ခြင်းမေတ္တာအကြောင်း နားလည်သူ
လူနဲ့ နီးစပ်သူ ငါးကလေး
ယဉ်ကျေးစွာကျွန်တော် ပြန်ပြောလေ့ရှိခဲ့တယ်။

ဒီလိုနဲ့ တဖြည်းဖြည်း ကျွန်တော်သိလာခဲ့
ငါးကလေး ကူးစက်တဲ့ ပင်လယ်
ပင်လယ်ဟာ ကျွန်တော်
ကျွန်တော်ဟာ ကုရာနတ္တိ ဆေးမရှိခဲ့။

ငါးကလေးတွေဟာ
မြန်မာငွေ ၊ ကျော်ကြားမှုနဲ့ ယနေ့ထုတ် ဖက်ရှင်များအား
သာယာသူ ရှင်သန်ခြင်းသက်သက်လား
ငါးကလေး.. မင်းမှာ
တခြားအဓိပါယ်မရှိတော့ဘူးလား
" ငါးကလေးရေ မင်းဟာ
ပျံသန်းတတ်တယ် ဆိုတာရော ဟုတ်ပါသလား "

တနေ့မှာ တခြား ပင်လယ် တစ်ခုခုဆီသို့
တခြားပိုကောင်းသော စိတ်ကူးများ ကြားသို့
ပျံသန်းသွားသော ငါး
သူ့ရဲ့ ဆံပင်တိုတိုတွေကို လှုပ်ရမ်းလို့
နေရောင်ထဲမှာ လှပ
သူ့ကို ငေးကြည့်နေရင်း ကြေကွဲနေတဲ့
တိတ်တခိုးလေး မျက်ရည်များစွာ
လူမသိ သူမသိ သွေ့ခြောက်နွမ်းဖတ်သွားသော
ဘုရားမှာ ကျွန်တော် တင်ထားတဲ့ ပန်းများစွာ။


ပိုင်မင်းဆွေ

 
၂၀၀၆


..................................................................................

Friday, October 26, 2007

မေမေဟာ ကျွန်တော့်ရဲ့ မွေးနေ့

တကယ်ဆို ကျွန်တော်ဟာမွေးနေ့ဆိုတာကို အရင်က ရင်ထဲမရောက်ခဲ့ပါဘူး။ ဘလော့လေး ရေးလာပြီးနောက်ပိုင်း ဘလော့ကာ တချို့က သူတို့မွေးနေ့ကို ဖော်ထုတ် နှုတ်ဆက်ကြသည်ကို တွေ့ရှိလာရသည်မှစ၍ ဒီနှစ် ကျွန်တော့်မွေးနေ့ကို မရောက်ခင် အဝေးကြီးလိုကတည်းက ရေတွက်နေမိပါတယ်။


အရင် ကျွန်တော် ကျောင်းတက်တုန်းက မေမေ ဖုန်းဆက်၍ ပြောပြမှသာ ကျွန်တော်က မွေးနေ့ကို သတိထား မိတတ်သည်။


ဟုတ်ပြီ ။ မွေးနေ့ ။ ကြိုလည်း သိထားပြီ ။ ပြင်ဆင်ချိန်လည်း ရပြီ ။ ဘာလုပ်မှာလဲ ။ “ ဘာလုပ်ဖို့မှ စိတ်မကူးတတ်ပါ ” ။ တစ်ခါမှ ထူးထူးခြားခြား သိရှိကာ လုပ်မှ မလုပ်ဖူး ဘဲနဲ့ ။


သူများတွေ မေးကြည့်တော့ သူငယ်ချင်းတွေကို ဘီယာတိုက်သည်တဲ့။ မွေးနေ့ပွဲ ကျင်းပနိုင်လျှင် လက်ဆောင်ပစ္စည်းတွေ ရကြသည်တဲ့ ။ တချို့ကတော့ ဘုရားကျောင်းကန် သွားသည်တဲ့ ။ ငှက်ကလေးတွေ ငါးကလေးတွေ လွှတ်ကြသည်တဲ့ ။ နွမ်းပါးတဲ့ လူတွေကို ပေးကမ်းကြသည်တဲ့ ။


ကျွန်တော် ဘာလုပ်ရင်ကောင်းမလဲ ။ ဘော်ဒါတွေကို ဘီယာ တိုက်ရင်တော့ ပျော်ရမည်မှာ သေချာသည်။ ငှက်ကလေးတွေ လွှတ်ကာ ဆုတောင်းရင် ကံကောင်းပါက အချုပ်အနှောင်တွေ ကြုံလာလျှင် ကိုယ်လည်းလွတ်ချင်လွတ်နိုင်သည် ။ ( မျှော်လင့်ချက် တခွဲသားနဲ့ ကုသိုလ်ရေးတွေကို တကယ်တော့ ကျွန်တော် သိပ်မယုံကြည်ပါ ) ။ ပျံသန်းသွားသော ငှက်ကလေးတွေကို ကြည့်ကာ ကိုယ်လည်း အဲဒီခဏတာမှာ လွတ်လပ်မှုကို ခံစားနိုင်သည်။ ( အဲဒါကိုတော့ ကျွန်တော် အပြည့်အ၀ လက်ခံသည် ) ။ဟိုတွေးဒီတွေးနဲ့ ကျွန်တော် လျှောက်တွေးနေမိသည်။

ဒီလိုနဲ့ မွေးနေ့ ဆိုသော စကားလုံးကို စဉ်းစားမိသည်။ မွေးနေ့ဆိုတော့ ကျွန်တော့်ကို မွေးတဲ့နေ့ ပေါ့နော် ။( အဲဒါတော့ မင်းပြောမှ လားကွ ) ။ ကျွန်တော့်ကို မွေးတဲ့နေ့ဆိုတော့ …. မွေးတဲ့နေ့ဆိုတော့ ...... ။အင်း… အဲဒီနေ့မတိုင်ခင်က ကျွန်တော်ဆိုတာ မရှိသေးတဲ့ သဘောပဲ ။

အမ်.. ဒါဆို … ။

သွားပြီ ။

“ မေမေ ” ။


ကြည့်စမ်း ကျွန်တော် မေ့နေလိုက်တာ ။ မေမေ မွေးလိုက်လို့ ကျွန်တော် ရှိလာရတာ မဟုတ်လား ။ ကျွန်တော် လမ်းလျှောက်ခွင့် ရတယ်။ ကျွန်တော် တွေးခေါ်ခွင့် ရတယ်။ ကျွန်တော်ကြိုက်တဲ့ ကဗျာတွေကို ရေးသားခွင့်.. အို ကုန် ကုန် ပြောရရင်ကျွန်တော် လုပ်ခွင့်ရသမျှ မေမေ့ ကြောင့်ပဲ မဟုတ်လား ။

ဒါနဲ့ မွေးနေ့ရဲ့ အနက်ကို မေမေ လို့ ပြန်ဆို လိုက်တယ် ။

“ မေမေ ဟာ ကျွန်တော့်ရဲ့ မွေးနေ့”

ကျွတ်.. ကြည့်စမ်း။ ဘယ်လောက်လှလိုက်တဲ့စကားလုံးလဲ… သိပ် အဓိပ္ပါယ်ရှိမနေပေဘူးလား ။

အခု မေမေ နဲ့ ကျွန်တော်က တမြို့စီ မှာပါ ။ ကျွန်တော် တစ်ခါမှ မေမေ့အတွက် ရည်ရွယ်ပြီး ကုသိုလ် မလုပ်ဖူးပါ ။ ဒီတစ်ခါ ကျွန်တော့်မွေးနေ့မှာ မေမေ့ အတွက်လို့ ရည်ရွယ်ကာ လုပ်စရာများကို စီစဉ်ကြည့်မိပါသည် ။ ပထမဆုံး အလုပ်ကတော့ မွေးနေ့မနက်စောစောမှာ ဘုရားပန်း လှလှလေးတွေဝယ်ပြီး ဘုရားမှာ ပန်းတွေဝေနေအောင် ကပ်မည် ။ ပြီးတော့ မေမေ့ ကျေးဇူးတွေကို ပြန်လည်သုံးသပ်ကာ အဲဒီလို ကျေးဇူးသိတတ်ခြင်းကြောင့် ရလာနိုင်တဲ့ ကုသိုလ်တွေနဲ့ သတ္တ၀ါတွေအား အမျှဝေမည်။ နောက်ပြီး လခထုတ်ရင် မေမေ့တွက် တခုခု ၀ယ်ကာ အိမ်ပြန်ရမည်။ ကျွန်တော် စီစဉ်ကြည့်နေမိသည်။


ကျွန်တော်တို့ ဘီအီး ကျောင်းသား ဘ၀တုန်းကတော့ ပြာသိုလပြည့်နေ့ ( အမေနေ့ ) ရောက်ရင် အမေ့မေတ္တာဖွဲ့ကဗျာလေးတွေရေးကာ လက်ကမ်းကဗျာ စာရွက်လေးတွေ လိုက်ဝေဖူးပါသည် ။ အဲဒီတုန်းက ကျောင်းပိတ်လို့ အိမ်ပြန်တော့ မေမေက ကျွန်တော့်ကဗျာလေးတွေကို တွေ့သွားပါသည်။ သူ ဖတ်ကြည့်ပြီး မျက်ရည်ကျသည်။ မေမေ ဘာကို ခံစား လိုက်ရပါသလဲ ။ ကျွန်တော် မေးမကြည့်ဖြစ်ပါ ။ နားလည်စွာ ဆိတ်ဆိတ်နေခဲ့သည် ။ ကျွန်တော့် ပတ်ဝန်းကျင်က အရမ်းကြိုက်သည်ဟု ပြောသော ကဗျာတစ်ချို့ ကျွန်တော့်မှာ ရှိပါသည်။ ( ဘလော့ပေါ် မတင်ဖြစ်ပါ ) ။ ဒါပေမယ့် သူတို့ပြောတဲ့ အဲဒီ အကောင်းစားဆိုတဲ့ ကဗျာတွေထက် မေမေ့ မျက်ရည်တွေ မတားနိုင် ဖြစ်ရတဲ့ ကဗျာရိုးရိုးလေး တစ်ပုဒ်အတွက် ကျွန်တော် ဂုဏ်ယူချင်ပါသည်။ ( သူလို ကိုယ်လို အမေတစ်ယောက် )။


ကျွန်တော်တို့ မောင်နှမတွေ ငယ်ငယ်တုန်းက ဟိုးအဝေး ချင်းတောင်တန်း တွေရဲ့အခြေမှာရှိတဲ့ တောင်ခြေမြို့လေးမှာ ကြီးပြင်းခဲ့ရပါတယ်။ ဆယ်တန်းကိုလည်း အဲဒီက အောင်ခဲ့တာပေါ့။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှ သောကြောင့် ဆယ်တန်းအောင် မန္တလေး ကျောင်းသွားတက်သောကျွန်တော်တို့အဖို့ ကျောင်းပိတ်ရက် အိမ်ပြန်သောအခါ ဒုက္ခရောက်ခဲ့ကြပါတယ်။ မိုးတွင်းဆိုလျှင် ကားလမ်းမပေါက်သောကြောင့် ချင်းတွင်းမြစ်ကို အသုံးပြုကာ ရေလမ်းမှ သွားကြရသည် ။ ထိုအချိန်က အင်ဂျင်ကောင်းကောင်းတွေနဲ့ ကိုယ်တိုင်တပ်ဆင်ထားသော အမြန်ယာဉ် စက်လှေများမှာ စနစ်တကျ တွက်ချက် ပြုလုပ်ထားခြင်းမဟုတ်သောကြောင့် လှိုင်းနဲနဲ ထန်ရင်ကို ခါရမ်းကာ အကွေ့တွေ ၊ ၀ဲတွေ ၊ တစ်စင်းနဲ့ တစ်စင်း အရှောင်အတိမ်းတွေမှာ မှောက်ကြပါသည်။ စိတ်ပျက် ကြောက်လန့်စရာပင် ။


ကားလမ်းပေါက်သော ရာသီများတွင်လည်း မှန်လုံကားများမှာ ကုန်များ အဆမတန် တင်ကြသောကြောင့် လူများမှာ ကုန်များကြား ညပ်သိပ်ကာ ကားထဲဝင်ထိုင်ပြီးပြီ ဆိုပါက ဟိုလှုပ်ဒီလှုပ် လုပ်လို့ မရတော့ပါ ။ ထို့ပြင် မဟာမြိုင်တောနက်ကို ဖြတ်သန်း ဖောက်လုပ်ထားသောလမ်း ဖြစ်သောကြောင့် ရှည်လျားကြမ်းတမ်းကာ ကားလမ်းဘေး ချောက်များလည်း ရှိတဲ့နေရာ ရှိပါသည်။ မကြာခဏဆိုသလို တိမ်းမှောက်တတ်ကြပါသည်။


ကျွန်တော်တို့မြို့လေးမှာ ကျွန်တော့်မိသားစုရှိသောကြောင့် ရအောင် ပြန်ရ သော်လည်း ကျွန်တော် ထိုမြို့လေးမှာ မနေချင်တော့ပါ။ အရင်က မြို့လေး ကျွန်တော့်အတွေးထဲ ရောက်လာတိုင်း မေမေ့မျက်နှာကို ယှဉ်တွဲမြင်ယောင်မိပါသည်။ အားလုံးက အဆင်ပြေသော အခြားမြို့တစ်မြို့သို့ ပြောင်းချင်ကြသော်လည်း မေမေက သူတို့မျိုးရိုး ဇာတိမြေ ဖြစ်သောကြောင့် မြို့လေးကို ခွဲခွာ မပြောင်းရွှေ့လိုပါ။ နောက်ပြီး ကျွန်တော်တို့အိမ်ကမေမေစုဆောင်းထားသောငွေလေးနဲ့မနည်းကြိုးစား ဆောက်ထား ရသောကြောင့် ထိုအိမ်လေးအပေါ် မေမေ့ သံယောဇဉ်ကြီးမားပါသည်။ ခြံထဲတွင်လည်း မေမေ စိုက်ထားသော သီးပင် စားပင် များနဲ့ တောအုပ်အတုလေး ဖြစ်နေပြီ။ (မေမေက အားရင် ခြံထဲဆင်းကာ မြေကြီးတွေ ဟိုဆွဒီဆွ ၊ အပင်တွေရေလောင်း နဲ့ ပျော်နေတတ်ပါသည်။) မေမေ့ကို အတင်းကြီး မတိုက်တွန်းချင်သော်လည်း လမ်းပန်းဆက်သွယ်ရေးကောင်းသော အဆင်ပြေရာအခြားမြို့တစ်မြို့သို့ ပြောင်းချင်ပါသည်။ အဲဒီလို ခံစားချက်တွေ ရင်ထဲ ထုံးဖွဲ့လာသောအခါ ကဗျာတစ်ပုဒ် ချရေးမိသည်။

“ မြို့ ”။

ထို “ မြို့ ” ကဗျာလေးကို ပြန်ဖတ်မိတိုင်း မေမေ့ကို မြင်ယောင်ကာ မျက်ရည်ကျမိသည်အထိ ကျွန်တော့်ခံစားချက် ကြီးမားပါသည်။ ဘာဖြစ်လို့လဲ ဆိုတော့ သူချစ်သော အိမ်ခြံလေးကို ထားရစ်ကာ မြို့လေးမှ အပြီးအပိုင်ပြောင်းရွှေ့ဖြစ်ခဲ့ဖို့ မေမေ့ကို ကျွန်တော်က ဦးဆောင် စည်းရုံးခဲ့ခြင်းကြောင့် ဖြစ်သည်။ မြို့လေးနဲ့ မေမေ့ ကြားမှာ ကျွန်တော်က အသည်းခွဲ သမားကြီးပေါ့ဗျာ။ ( ထိုကဗျာလေးကို ကျွန်တော့်ရဲ့သူငယ်ချင်း ကဗျာဆရာအကိုကြီး ခေါင်ခါးခါး ( မြဆင့်ချယ် ) က ရတီ မဂ္ဂဇင်းတွင် သူရေးသော မြို့လေးသမိုင်းနှင့် ချင်းတောင်တန်း လူမျိုးများအကြောင်း အခန်းဆက် ဆောင်းပါးရှည်တွင် အဖွင့်ကဗျာအဖြစ် သုံးစွဲခဲ့သည်။ )

ဘာပဲပြောပြော ကျွန်တော့်မွေးနေ့မှာ မေမေ့အတွက် ကဗျာလေးတွေ တင် လိုက်ပါပြီ။ မေမေက အင်တာနက် မသုံးသောကြောင့် မြင်တွေ့ခံစားနိုင်မယ် မဟုတ် သော်လည်း ဒီကဗျာလေးတွေကို လာရောက်ဖတ်မိသူတိုင်းကိုယ့်အမေကိုယ်မြင်ယောင်ကာအမေ့ကျေးဇူးတွေကိုပြန်လည်သတိရကြမည်ဆိုလျှင်
ဘယ်လောက်ကောင်းလိုက်ပါမည်လဲ။(မေမေသိလျှင်လည်းပီတိတွေ ဖြာနေ မည်မှာ သေချာသည် ) ။ သူများတွေလို ငွေကုန်ကြေးကျခံကာ မွေးနေ့ပွဲတွေ မလုပ်နိုင်သော်လည်း ကျွန်တော့် မွေးနေ့ပွဲလေး ခမ်းနားနေပါသည်။ ကျွန်တော့်မွေးနေ့ကို မေမေ့အတွက်ရေးတဲ့ ကဗျာလေး တွေနဲ့ ထုဆစ်ထားပါသည်။

ကဲ…. ကျွန်တော် ဘယ်လောက် မှန်လိုက်သလဲ။

( ဘာလဲ ကျွန်တော် မမှန်ဘူးလား )

ပိုင်မင်းဆွေ



မေမေဟာ ရန်သူတွေကို တစ်ယောက်တည်း ရင်ဆိုင်


ပုခက်လွှဲတဲ့လက်ဟာ

သွေးသံရဲရဲ စစ်ပွဲတွေထဲ

ရေလောင်းရင်း မီးလောင်နေသူ ။


‘ မေမေ ’ ။

မေမေ လို့
ကျွန်တော် တိုးတိုးလေး ခေါ်လိုက်တယ် ။


သားချော့တေးတွေနဲ့
ကမ္ဘာကြီးကို လက်ဆင့်ကမ်းခဲ့တာပေါ့ မေမေ
စံပယ်ပန်း ဖြူဖြူလေးတွေဟာ မေမေ့ကြောင့်ပွင့်တာ

မေမေ့ဆွဲအားကြောင့် ဒီရေ တက်တာပေါ့


မေမေ ပျိုးထားတဲ့ ကြယ်ပန်းခင်းတွေထဲ
သားသားတို့တိုးခွေ့ဆော့ကစားတဲ့အခါ

မေမေ တနေရာကနေ မျှော်ငေးကြည့်နေမယ်

မေမေ့ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့

မေမေ့ လက်ထဲမှာတော့ အေးစက်တဲ့ဓားတစ်လက်

တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ ရန်သူတွေကို

မိန်းမသားဖြစ်တဲ့ မေမေ ၊ ဘယ်လို ရင်ဆိုင်မလဲ


ပန်းခင်းထဲ သင်းပျံ့နေတဲ့ တခိုးခိုး တခစ်ခစ် ရယ်သံတွေဟာ
မေမေ့ ရင်ထဲ အရောက်ဝင်ခဲ့တယ်

အဲဒီ မီး နဲ့ပဲ မေမေ ရပ်စောင့်လို့နေခဲ့


ဒီဇာတ်လမ်းမှာ ပျော်ရွှင်မြူးတူးနေကြသူတွေကတော့

ဘာမှ မသိသေးတဲ့ သားသားတို့မောင်နှမတတွေပေါ့

မေမေရယ် ။



ဒီကဗျာလေးက သင့်ရင်ထဲ ရောက်ပါ့မလား ။ ဒါမှမဟုတ် သေချာ နားမလည်ဘူးလို့များ ပြောမလား။ ဒီကဗျာလေးဟာ ကျွန်တော့်ဘ၀ထဲကထွက်လာတယ် ဆိုသော်လည်း လူတိုင်းနဲ့ သက်ဆိုင်သည်ဟု ကျွန်တော်ထင်သည်။

ကျွန်တော် ချပြချင်တဲ့ image ကို သင် ဖြတ်ကနဲ ရိပ်မိလိုက်ပါသလား ။( ဒီလိုပြောရင်တချို့က မကြိုက်ချင်ပါ )။ အဲဒီအရာကို သင် ဖမ်းမိပါစေလို့ ဆုတောင်းရင်း .. ။(ကျွန်တော့်ဆီကို လာလည်တဲ့သူ အများစုက ကဗျာ အနုပညာကိုယ်ခံအား ကောင်းကြသူဟု မျှော်လင့်ပြီးသားပါ ။ )



မြို့


တို့မြို့လေးက ပုံပြင်တစ်ပုဒ်ပဲ
အဝေးကကြည့်ရင် တစ်ခုခုနဲ့ ကွယ်နေတတ်တယ်။

ရင်ခုန်သံနဲ့ ရင်ခုန်သံ
ချိတ်ဆက်ထားရာ အဝေးပြေးလမ်းမများ
မြို့အ၀င်မှာ နေကြာပန်းခင်းများ
အနောက်ဖက် ချင်းတောင်တန်းများ
တို့မြို့လေးဟာ စဉ်းစားစရာကောင်းတယ်။

တစ်ချိန်က မြက်ခင်းတွေမှာ ဆော့ကစားခဲ့ပြီး
အခုကောင်းကင်ပေါ်မှာ ဆော့ကစားချင်သူ
ငါ့အတွက်
တို့မြို့လေးဟာ အမြင်စောင်းစရာပေါ့။

ငါ့အဖေနဲ့ ငါ့အမေဟာ
အခုထိ တို့မြို့လေးမှာ ရုန်းကန်နေရတုန်း
ပင်လယ်ကို ရှာဖွေတုန်း။

ငါ့အမေအတွက်တော့ တို့မြို့လေးဟာ
အမြဲစိမ်း အသက်ဝင်နေတဲ့ ရှုမျှော်ခင်း
ငါဟာ တို့မြို့လေးကို
နှလုံးသားနဲ့ စိုက်ကြည့်ဖူးသလို
ကိုယ်နဲ့မဆိုင်သလို ခါးထောက်ရပ်ကြည့်ဖူးတယ်။

ဆောင်းဝင်ရင် တို့မြို့လေးဟာ
နှင်းမြူထဲမှာ ချမ်းလို့ တုန်လို့
မနက်စောစော အပြေးလေ့ကျင့်ဖူးတဲ့ ငါ့ငယ်ဘ၀လည်း
အဲဒီ နှင်းတွေထဲမှာ ကျန်ခဲ့။

ငါ့သံယောဇဉ်မှန်သမျှ
တုပ်နှောင်ထားရာ အရပ်ဒေသ
ငါဟာ တို့မြို့လေးမှာ ကြီးပြင်းခဲ့ပြီး
ငါဟာ တို့မြို့လေးမှာ ကောင်းကောင်းကြီး တိုက်ခတ်ခဲ့ဖူးတယ်။

ငါတို့မိသားစုတွေဟာ
တို့မြို့လေးမှာ ခေါင်းချဖို့ တစ်ခါမှ မပြောဖူးကြဘူး
တို့မြို့လေးဟာ ကျန်းမာရေးကောင်းတလှည့် မကောင်းတလှည့်
တို့မြို့လေးဟာ ကမ္ဘာကြီးကို ကြားတလှည့် မကြားတလှည့်
တနေ့နေ့မှာ
တို့မြို့လေးဆီ ငါ ပြန်လာနိုင်မှာလား
ငါ့အမေဟာ
ယောဂီဝတ်စုံကြီးဝတ်ပြီး ငိုနေတယ်။




သူလိုကိုယ်လို အမေတစ်ယောက်

ဆေးပုလင်းလေး ထိပ်ပိုင်း
ပြတ်ကျသွားတဲ့ အသံရှိရာ နားစွင့်လိုက်
ဆောင်းဝင်ရင် ချင်းတဘက် အနီကြီးပတ်ပြီး
သူအလုပ်ရှုပ်နေလိမ့်မယ်

တရားရိပ်ကို သူ မခိုနိုင်သေးဘူး

တနယ်တကျေးမှာ

သူ့သားတွေဟာ လိမ္မာရဲ့လား

သူ့စိတ်ကူးနဲ့တော့ သူ့ပန်းခင်းဟာ မွှေးပျံ့လို့

သူဟာ ပင်လယ်ပြင် စိုက်ပျိုးရေးသမား

တစ်ယောက်ပေါ့

သူ မှန်မကြည့်ဖြစ်တာ တော်တော် ကြာပြီ

သူ့မျက်နှာပေါ်က အရေးအကြောင်းတွေကို

သူ မမြင်လိုဘူး သူ ရှေ့ဆက်ရအုံးမယ်။



( အထက်က ကျွန်တော်ပြောခဲ့တဲ့ ကျွန်တော့်အမေ ဖတ်မိသွားပြီး မျက်ရည်ကျခဲ့တယ် ဆိုတဲ့ ကဗျာပေါ့ဗျာ… )





သားသားက နေရောင်ခြည်


မေမေဟာ ဘယ်လို လူစားမျိုးလဲ
ထမင်းတွေ ၀ါးတုန်းက ၀ါးပြီး မြိုမချဘဲ
ကျွန်တော့် ပါးစပ်ထဲ အတင်းထိုးထည့်တယ်။


မေမေ့နို့ကို ခဲပြီး

မနက်ဖြန်ကို လက်သီးလက်မောင်း တန်းနေသူဟာ ကျွန်တော်ပေါ့

“ သားသား .. မင်း သိပ်ငယ်လွန်းသေးတယ် ”

မေမေဟာ ကျွန်တော့်ကို ပွတ်သပ်နေရုံကလွဲပြီး
ကျွန်တော့် မေးခွန်းတော်တော်များများကို မဖြေခဲ့ဘူး ။


မေမေဆိုနေတာ ဘယ်လို ဂီတ အမျိုးအစား များလဲ
မေမေ့စာသားဟာ ကျွန်တော်နဲ့ အလှမ်းဝေးသေးတယ်လို့

အဲဒီတုန်းက ကျွန်တော် သတိထားမိရဲ့လား

ကျွန်တော့်ကို ကျောင်းလိုက်ပို့ခဲ့တယ်

မေမေ့ဇာတ်လမ်းမှာတော့ ကျွန်တော်က သူရဲကောင်း

ကျွန်တော် ဓား တစ်ချောင်းရခဲ့တယ်။


ငှက်တွေကို ကျွန်တော်အားကျမှန်း မေမေသိတယ်

ကျွန်တော် ဖျားနာရင် အိပ်မပျော်နိုင်သူဟာ ဘယ်သူဖြစ်မလဲ

ကျွန်တော်ပျော်ရွှင်စွာ ဆော့ကစားနေရင်

မေမေ ဆိုတာ

အလင်းဓာတ်ရကာ ရွှင်လန်းနေတဲ့ ပန်းပင်လို

အလှပဆုံး ဖူးပွင့်လို့


ကမ္ဘာမြေကို ဖွဲ့နွဲ့လိုက်ရင်

မေမေ့ မျက်နှာအေးအေးလေး ရလာမယ်လို့

မေမေ့ကို ကျွန်တော် သီကုံးမပြတတ်သေးဘူး


ကျွန်တော့် လက်ညှိုး သေးသေးလေးနဲ့ ညွှန်ပြတဲ့ အရပ်ကို

မေမေ ကြည့်လိုက်တယ်

ခဏနေတော့ မေမေ့ ပါးပြင်ပေါ် အပြုံးတစ်ခု ဆိုက်ကပ်လို့

မေမေက သူသိပါတယ် ဆိုတဲ့ အကြည့်နဲ့ ကြည့်ရင်း ပြောတယ်

မေမေ့ စကားကို ကျွန်တော် နားလည်ခဲ့ရဲ့လား


“ ခေတ်အဆက်ဆက်မှာ အမေဆိုတာ

စစ်ပွဲတွေကို ပျက်ရယ်ပြုခြင်း သီချင်းတစ်ပုဒ်

မေတ္တာတရား ကိုယ်စား အစာအငတ်ခံသူ

မိုးခေါင်ရေရှား အရပ်မှာ ရွာတဲ့

မနက်ဖြန် အသက်ရှင်ခွင့် မိုးသားများ ”


မေမေက ပြောတယ်

“ သားသားက နေရောင်ခြည် ” ။



ဒီနှစ် ကျွန်တော့်မွေးနေ့က သီတင်းကျွတ်လပြည့်နေ့နဲ့ ကပ်လျက် ဖြစ်နေသည်။
မေမေ ဒီချိန်ဆို ခြံထဲမှာ မီးပုံးတွေထွန်းပြီး ဘုရားမှာလည်း ဆီမီးတွေ ထိန်နေအောင် ကပ်လှူထားလောက်ပြီ။
ကျေးဇူးရှင် မာတာ မွေးမိခင် မေမေ့အား မြင်ယောင်ရင်း ဒီကဗျာလေးတွေနဲ့ ရိုကျိုး နှိမ့်ချစွာရှိခိုး ဦးချ လိုက်ရပါသည်။


ပိုင်မင်းဆွေ

Wednesday, October 24, 2007

သူမရဲ့ လိမ္မော်ရောင် ထီးရှည်


















img internet
photo retouching by minswe


သူမရဲ့ လိမ္မော်ရောင် ထီးရှည်

သူမရဲ့ လိမ္မော်ရောင်ထီးဟာ
အချစ်စိတ်ရဲ့ သင်္ကေတလို့
ကျွန်တော့်ကို ဘယ်သူပြောလဲ
(ဘယ်သူမှမပြောပေမယ့်)

မိုးဒဏ်နဲ့နေဒဏ်ကို အလုံအလောက်အကာအကွယ်ပေးနိုင်တဲ့
ထီးရွက်နဲ့ ကြံ့ခိုင်တဲ့ ကိုင်းတွေရှိတယ်။

လူတွေကို မှုန်မှုန်လေး မြင်ရတဲ့နေရာကနေ ကြည့်ရင်
ဒါဟာ သူမ ပဲလို့
သူမရဲ့ လိမ္မော်ရောင်ထီးက ပြောပြတယ်။

ထီးဆိုတာ မိုးနေ ကာကွယ်ဖို့လို့
ရိုးရိုးသားသား အတွေးအခေါ်နဲ့ ကျွန်တော်ဟာ
သူမနဲ့ သူမရဲ့ လိမ္မော်ရောင်ထီးကို
သာမာန်ထက် ပိုမတွေးခဲ့။

နေပူပြင်းတဲ့နေ့တွေမှာ
လိမ္မော်ရောင်ထီးဟာ သူမ အပြုံးတွေကို
ကာကွယ်ပေးသူ
သည်းထန်တဲ့မိုးစက်တွေကြားက
သူမကို လုံအောင် ဖုံးထားသူ
သူမဟာ ထီးကို သူရဲကောင်းတစ်ယောက်လို
ထင်မှတ်သုံးစွဲနေပုံမျိုးနဲ့
ခံယူ ရင်ကော့ရင်း
လိမ္မော်ရောင်ထီးဟာ မာနကြီးသူပေါ့။

လိမ္မော်ရောင်ထီးဟာ ကျွန်တော့်အတွက်တော့ သူ့မှာ
နေရာမရှိပါဘူးဆိုတဲ့ မျက်နှာပေးနဲ့
နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ဖြတ်လျှောက်သွားတဲ့အခါ
ဒါဟာ သူမလား သူမရဲ့ လိမ္မော်ရောင်ထီးလားလို့
ဝေခွဲမရအောင် တစ်သွေးတည်း တစ်သံတည်း ရှိခဲ့တယ်။

သူမဟာ အဲဒီထီးကို ဆောင်းပြီး
သူမရဲ့ချစ်သူနဲ့ အနမ်းမိုး စွေရင် စွေခဲ့ဖူးမယ်
( နေမပူလည်း ထီးဆောင်းကာ ဆိုတဲ့သီချင်းလိုပေါ့ )
မိုးရေထဲမှာ လျှောက်လည်ရင် လည်ခဲ့ဖူးမယ်
(အဲဒီအချိန် သူမရဲ့မျက်နှာလေးဟာ ဘယ်လို ရှိနေမလဲ )
ကျွန်တော့်အတွက်တော့ ဒါဟာ
အနှေးပြကွက် အက်ရှင်တစ်ခုလို ခံယူ လက်ခံရင်း
အဝေးကသာ ငေးမောနေရုံပေါ့။

သူမဟာ လိမ္မော်ရောင်ထီးကို
ဖက်ရှင်တစ်ခုလို သုံးစွဲခဲ့တာ ဆိုရင်တော့
တစ်ချိန်မှာ ဒီဇိုင်းအသစ် အခြားအရောင်တစ်မျိုးမျိုးရှိတဲ့ ထီးအသစ်ကို
ပြောင်းလဲ သုံးစွဲ လိမ့်မယ်
အဲဒီအခါကျမှ လိမ္မော်ရောင်ထီးကို
ကျွန်တော် ပြောချင်ပါတယ်
လိမ္မော်ရောင်ထီးရေ ...... မင်း သိပြီလားလို့
အခု ခံစားချက်ဆိုတဲ့ စကားလုံးရဲ့ အတိမ်အနက်ကို
မင်း နားလည်ပြီ မို့လားလို့
မေးချင်ပါတယ်
အဲဒီအခါ ချောင်ထိုးခံထားရတဲ့ လိမ္မော်ရောင်ထီးဟောင်းလေးက
ဘာပြန်ပြောလိမ့်မလဲ ဆိုတာကို
ကျွန်တော်ဟာ တွေးကြည့်ရင်း စဉ်းစားနေမိတယ်။


ပိုင်မင်းဆွေ

၂၄.၁၀.၂၀၀၇
၁ နာရီ ၅၅ မိနစ် ။

..............................................................................

Sunday, October 21, 2007

အခန်းရဲ့ အပြင်အဆင်


အသံတွေက ကိုယ့်ဆီ ပြန်မလာတဲ့အခါ
လွှတ်တင်လိုက်တဲ့ နှလုံးသားလေးပဲ ပြတ်ကျလာ
စိတ်မထင်တဲ့အခါတိုင်း စိတ်လိုလက်ရရှိတဲ့အခါတိုင်း
မေတ္တာတရားတွေ အပိုင်းပိုင်း အပြတ်ပြတ်
ညအခါ ကြယ်မှုန်ကြယ်မွှားတွေလို ပြိုးပြိုးပြက်ပြက်
မဖြစ်စလောက် အလင်းရောင်ကလေးတွေ ထွန်းလင်းလွန်းပါတယ်။

လမ်းကြုံလို့ ဒီဖက်ကို ရောက်ခဲ့လို့
ဒီအခန်းလေးထဲ ၀င်ထွက်သွားလာပါ
အဲဒီမှာ အများနဲ့သက်ဆိုင်တဲ့ အိပ်မက်တွေရှိတယ်
မြေဖြူတောင့်တွေ ထည့်ပစ်ရတဲ့ ခြောက်လုံးပြူးတစ်လက်ရှိတယ်
တစ်စုံတစ်ယောက်က မေးရင် ဖြေဖို့
သူရှိပါတယ်ဆိုတဲ့ ကြာသပတေးနေ့ တစ်နေ့ရှိတယ်

လာပါ... တစ်ခေါက်လောက်လည်ပတ်ပါ
ခင်ဗျားကောင်မလေးက ခင်ဗျားကို မချစ်တော့ရင်
အကြံဥာဏ်ကောင်းတွေ ပေးမယ်
ဒါမှမဟုတ် ကမ္ဘာမြေကြီးအတွက် သီချင်းတစ်ပုဒ်
ပျော်ပျော်ပါးပါး တီးခတ် သီဆိုကြမယ်
ပေါင်မုန့် နဲ့ မနက်ဖြန်မိုးလေ၀သ သတင်းများ
ပြောလို့ ဆိုလို့
ဒါစည်းကမ်းလေးမို့ပါ ငှက်ကလေးတွေနဲ့ မိတ်ဆက်မပေးတော့ဘူး
လ္ဘက်ရည်ဆိုင်ထိုင်တဲ့အခါတို့ ဘီယာဆိုင်ထိုင်တဲ့အခါတို့ ဆိုရင်တော့
ခင်ဗျားက ပိုက်ဆံ ထုတ်ရှင်းဖို့ပြောပါရစေ
ပီတိကိုစား အားရှိသူပါ
ခင်တတ်ပါတယ် အားရင်တော့ ၀င်ခဲ့ပါ
အဲဒီမှာ ချစ်ခြင်းရဲ့ ရနံ့တွေ ပွင့်ဝေနေလိမ့်မယ်။


ပိုင်မင်းဆွေ

၂၀၀၅

................................................................................

Saturday, October 13, 2007

သစ်ရွက်




လူမသိ သူမသိ ပွင့်ပြီး

တိတ်တခိုးလေး ကြွေကျ

သွားချင်တယ်။


ပိုင်မင်းဆွေ

၂၀၀၄

........................................................................

Thursday, October 11, 2007

ဒဏ်ရာကဗျာ


ငါ မက်နေတဲ့ အိပ်မက်ထက်
မင်းမက်နေတဲ့ အိပ်မက်ကို ပိုဂရုစိုက်ခဲ့ ။

ငါ လက်တွေ ဆိုတာလည်း
မင်း အတွက် အနာဂတ်တွေ ချုပ်လုပ်ဖို့ ကြိုးသီဖို့ ။

မင်း နှုတ်ခမ်းလေး ဆေးဆိုးစရာ
ငါ့ အကြောထဲက သွေးတွေ ။

မင်းမွေးတုန်းက ခြေထောက်တွေ ပါလာတာဟာ
ငါနဲ့ဝေးရာ ထွက်ပြေးဖို့လား။

မင်းအ၀တ်အစားတွေ ညစ်ပေရင်
ငါ့ အနှစ်နှစ် အလလ မျက်ရည်တွေနဲ့ လျှော်ဖွပ်ပါ။

ငါ့မှာ ကြီးမားတဲ့ ဘ၀ရည်မှန်းချက်တစ်ခုရှိတယ်
မင်း ဆံပင်တွေအကြောင်း ကမ္ဘာကျော် ကဗျာ တစ်ပုဒ်ရေးဖို့ပဲ ။

ငါသေရင် ငါ့ အုတ်ဂူ နံဘေးမှာ
မင်းနံမည်တွေ ပွင့်တဲ့ သစ်ပင်တစ်ပင် ပေါက်လာလိမ့်မယ် ။

မင်းဟာ ငါ အသက်ရှင်စဉ်တုန်းက ပြုခဲ့ဖူးတဲ့
တစ်ခုတည်းသော ကောင်းမှု ကုသိုလ်လေးပဲ ။

ငါပြုဖူးသမျှ အကုသိုလ်တွေဟာလည်း
မင်းပဲ ဆိုတာကိုတော့ ငါဟာ စကားလုပ် ပြောနေမှာ မဟုတ်ဘူး ။

ဘ၀မှာ အခက်အခဲ မရှိ ကြီးပြင်းခဲ့သူ
ကြယ်တွေ တပွေ့တပိုက်ကြီးနဲ့ မိန်းကလေး
မင်းကြောင့်ရခဲ့တဲ့ ကုသိုလ်တွေကို ငါဟာ ငြင်းပြီ
အကုသိုလ်တွေရဲ့ ကံ ကံ၏ အကျိုးကို မငြင်းဘဲ
ဆေးပေါ့လိပ်လေး အေးအေးလူလူ ဖွာပြီး ထိုင်စောင့်နေသူဆိုရင်
မင်း ပျော်နေမလား
ကြယ်တွေတပွေ့တပိုက်ကြီးနဲ့ မိန်းကလေး ။

ပိုင်မင်းဆွေ

၂၀၀၅

.........................................................................

Thursday, September 20, 2007


Tuesday, September 18, 2007

ဖိတ်စာ

မင်းရင်ခုန်သံက ပါးပြင်နဲ့ လည်ပင်းဆီရောက်တဲ့အခါ
မင်းလက်တွေ တုန်ယင်လာမယ်
မင်းစကားတွေ မပီပြင်တော့ဘူး
မင်းမိုးသားတွေ ငါ့ဖက်ကို တိုက်ခိုက်လာ
ငါဟာ အဲဒါကို စဉ်းစားကြည့်နေတယ်။

မင်းလိုက်လျောမှုဟာ တကယ်မရှိတဲ့အရာ
လမ်းမှာ တွေ့လို့ တစွန်းတစလေးပဲဖြစ်ဖြစ်
ငါ့မှာ ဒါကို သိမ်းဆည်းလို့ မဆုံး
မင်း သီချင်းသံတွေရဲ့ အဝေးဆုံးမှာ နေခဲ့ပါတယ်
မင်း ရှင်သန်ခြင်းဟာ ဘယ်လို ရှိလိမ့်မလဲ။

၂၀၀၂။
၂၀၀၃။
၂၀၀၄။
၂၀၀၅။
၂၀၀၆။
၂၀၀၇။
၂၀၀၈။
၂၀၀၉။

နှစ်တွေ အများကြီး ကျန်ခဲ့ပြီ
မင်းလက်က မလွတ်ခဲ့ဘူး
ငါ့ကဗျာ ငါရေးဖူးတဲ့ သီချင်း
ဒါဟာ မင်း ၀င်ထွက်သွားလာဖူးတဲ့ လမ်းတွေပဲ။
" မကြာခင် ပြန်ဆုံမယ့် အကြောင်းများ
ကြိုတင် တွေးရင်း …. "
သီချင်းသံတွေ တားမရအောင် လွင့်လာ
ငါက ငါ့နားတွေကို ပိတ်ထား။

စကားဟောင်းတွေက ပန်းချီဆရာတွေလား
ငါ့အခန်းနံရံက မင်း ပုံရိပ်
ငါ့စီးကရက်ကထွက်တဲ့ အခိုးအငွေ့က မင်း အချိုးအဆစ်
နှစ်ပေါင်းများစွာက မင်း တခိုးခိုး တခစ်ခစ် ရယ်သံများ
ငါလျောက်လာရင်း ငါလဲကျသွားပြန်ပြီ
ဖိတ်စာက ညွှန်းတဲ့အရပ်ဆီ
ငါ့မှာ ဘာမှမကျန်တော့အောင် ငါ ခံစား
အဲဒီ ခံစားတဲ့စိတ်က မျက်ရည်တွေ။


ပိုင်မင်းဆွေ

၂၀၀၆
...............................................................

Monday, September 17, 2007

အေးအေးလေး တစ်ယောက်တည်း


ပိုးစိမ်းကောင်လေးတွေ လိပ်ပြာလေးတွေ
သူတို့အသွားအလာလေးတွေ ငေးရင်း
ရပ်
အားလုံးရပ်
သူ မလှုပ်တော့ဘူး။

တိုက်နေတဲ့လေဟာ
သူ ရှိနေမှန်း သတိထားမိပုံ မပေါ်
သူမဟာ သူမအတောင်နဲ့
သူ့ကို ခတ်မယ်လို့ မရည်ရွယ်တဲ့ငှက်ကလေး
လန့်ဖြတ်ခြင်းမှာ ရင်ခုန်သွားပုံ။

သူရှိနေသေးလား မရှိတော့ဘူးလား
မကွဲပြားတော့ဘူး
တခြားအရာတွေ ရှိနေတာကိုပဲ
သူက သူရှိနေတယ်လို့ ခံယူ
ဝါးပင်ဝါးရနံ့ တောတောင်ရဲ့အေးချမ်းမှု
သူ့ ရင်ထဲ ရောက်လာသလား မရောက်လာဘူးလား
သူများတွေရဲ့လှုပ်ရှားမှုတွေထဲ လောလောဆယ်မပါနိုင်သူ
ဘာမှမလိုချင်တော့ဘူး
သူ ဒီမှာ ရှိနေတာ ဘယ်သူ့ကိုမှ မပြောပါဘူးဆိုတဲ့
ကတိစကားလေး တစ်ခုသာ။


ပိုင်မင်းဆွေ

17 September 2007
12:05 pm


Sunday, September 16, 2007

အချစ်အကြောင်း ၎

န၀ဒေးကြီးက ရှင်နှောင်းကို
လှိုင်ထိပ်ခေါင်တင်က ကနောင်မင်းသားကို
နတ်ရှင်နောင်က ဓာတုကလျာကို
ဒီကကောင်က မင်းလို ကမ္ဘာမြေနဲ့ တူတဲ့ ကောင်မလေးကို
များများစားစားကြီး ကျွံ့ကျနေပါတယ် ဆိုတဲ့ အကြောင်း။

ပိုင်မင်းဆွေ

ကြယ်

အရေးတယူ ဆွေးနွေးတဲ့အခါကျမှ
ပန်းကလေးက ပိတ်သွားတယ်။

လူတွေက ခက်ပါတယ်။

ရေဘေး မီးဘေး သတင်းများ
ဝင်လာတယ်။

ခပ်ထုတ်လို့မကုန်အောင်
လှေဝမ်းထဲ ဒုက္ခတွေ အပြည့်နဲ့ပါ
အမြန် ကြေးနန်း ရိုက်လိုက်တယ်။

အေးအေးဆေးဆေး စံပယ်ပန်းများ စိုက်ပျိုးတဲ့သူ
လူ အပြတ်ဆုံး လမ်းကို ရွေးခဲ့တယ်။

ကျွန်တော့်အခန်းလေးကို ဖျက်ဆီးသွားသူ အကြောင်း
ကျွန်တော့်စကားထဲမှာ မပါတဲ့အခါ
နတ်တွေက အားမလိုအားမရ ဖြစ်ကြတယ်။

လူ့ဘ၀ဟာ တိုတောင်းလွန်းတယ်လို့
ခံယူထားသူ တစ်ယောက်
ခေါင်းကလေးငုံ့ လှည့်ပြန်ခဲ့တယ်။

ညအခါ ကြယ်တွေကို ထိုင်ကြည့်ဖူးလား
သေးငယ်တဲ့ နေအဖွဲ့အစည်းထဲ
လူ့အဖြစ်က ပိုပြီး မှုန်မွှား သိမ်ငယ်လွန်းပါတယ်။





ပိုင်မင်းဆွေ

၂၀၀၅ .... ၂၀၀၆
.................................................................................................

Thursday, September 13, 2007

ခြေရာ ၂

ဒဏ်ရာတွေ ရေတွက်ဖို့
ဂဏန်းသင်္ချာသင်ခဲ့တာပေါ့ မမမြင့်
တမာတန်းဟာ စိမ်းလန်းလို့ကောင်းတုန်း
လမ်းဟာ သူ့ရင်ဘတ်ထဲ ဖြတ်ဝင် ထိုးခွဲ
ဖောက်လုပ် စီးဆင်းသွားသလိုမျိုးပေါ့။
( တမာတောတန်းကို ကန့်လန့်ဖြတ်၍ မြေလမ်းလေး တစ်ခု ရှိပုံ )

“တဖြည်းဖြည်းမြင့်တက်သွားတဲ့လမ်း” လို့ ပြောဆိုတာကို
အဓိပတိလမ်းက မကြိုက်ချင်ဘူး
သူ့မှာ နာမည်ရှိပါတယ်တဲ့။
( တောင်ရှိရာ အရပ်ကို ဦးတည်ဖောက်လုပ်ထားလို့ တဖြည်းဖြည်း မြင့်တက်သွား ပုံ )

သစ်ပင်ပေါ် အလှမီးဆိုင်း တွေချိတ်ဆွဲထားသလို
တွဲလောင်းကျကာ လင်းချင်တိုင်း လင်းနေတဲ့ ငုဝါပန်းဆိုင်းများ
ငါ ကြည်နူးနှစ်သက်စွာ ငေးမောကြည့်ခဲ့ဖူးရာ
ငါ့အတွက် နတ်ပန်းပင်တွေ ဖြစ်ခဲ့ဖူးတယ်။

ဝါးရွက်စိမ်းစိမ်းချွန်ချွန်တွေ သရက်ပင်ဖားဖားကြီးတွေက ပြောပြတဲ့
မငြင်းပါဘူးဆိုတဲ့ အချစ်ဇာတ်လမ်းများ
ပျော်နေတဲ့အချိန်မှာ ပျောက်နေတဲ့ အသိစိတ်
အချစ်ဆိုတာမျိုးကလည်း အဲဒီအရွယ်တွေတုန်းက ပြောရခက်တဲ့အရွယ်
လေတံခွန်ဟာ တိမ်တွေကြားထဲ တိုးဝင်သွားတော့
သူများအမြင်မှာ ကြိုးပြတ်သွားခဲ့တယ်။

ရန်ပွဲတွေ ချိန်းဆိုတိုက်ခိုက်မှုတွေ
လူငယ်တွေချင်းချင်းဖြစ်တဲ့ အားပြိုင်မှုတွေ
ငါတို့ ဖြတ်သန်းခဲ့ဖူးတာပေါ့ နှစ်ကာလများ

ငါတို့ ငယ်ရွယ်စူးစမ်းလိုစိတ် လေတံခွန်တွေ
ကောင်းကင်ထဲ လေကြောင်းမိနေတယ်
လျှပ်စစ်ဆားကစ်၊အဆောက်အအုံဒီဇိုင်း၊လမ်းနှင့်မြစ်ကူးတံတားများ
အင်ဂျင်တည်ဆောက်ပုံ နှင့် ရိုဘော့
ဇီးရိုးနှင့်ဝမ်း ၊ လျှပ်စစ်အဖိုနဲ့အမ
ထို့နောက် ရည်းစားထားခြင်း။

ညအခါသီချင်းသံတွေ လွင့်ပျံနေရဲ့လား.......... လွင့်ပျံနေရဲ့
အဆောင်သူတွေရော အဆောင်စောင့်နတ်တွေပါ
ဂရုတစိုက် နားထောင်ရတဲ့ လက်သံမျိုး
ငါ့သူငယ်ချင်းတွေ တီးတတ်တယ်
ဂစ်တာသံဟာ မှော်သားဓာတ် စီးဝင် တောက်ပ
မှောင်နေတဲ့ညထဲက လင်းနေတဲ့ အသံများပေါ့။

တစ်ဖက်မေဂျာ အသင်းက ဖြတ်တင်လိုက်တဲ့ အဝေးဘောဟာ
ငါ့ရင်ထဲ ဒိုင်းကနဲ ကန်သွင်းသွားခဲ့
ငါ့မှာ အလန့်တကြား သင်ယူခဲ့ရ
လောကရဲ့ ရက်စက်တဲ့ကန်ချက်တွေကို ခံနိုင်ရည်ရှိလာတာဟာ
ကျောင်းက သင်ပေးခဲ့တာပေါ့လို့ နောက်ပိုင်း ငါ ပြောလေ့ရှိခဲ့တယ်။

သီရေတာထဲ သစ်သားခုံတန်းတွေပေါ်
ငါတို့ရေးခြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ဟာ အခုထိ အသက်ဝင်တုန်း
ငါတို့နဲ့ အတန်းတူသူတွေရဲ့ခေတ်ကိုကိုယ်စားပြုတုန်း
တစုံတစ်ယောက်ဟာ ကျောင်းသမိုင်းပြုစုမယ်ဆိုရင်
နံရံကို တူးဖော်ရမယ်
ခုံတန်းတွေကို မိတ္တူကူးယူရမယ်။

နောက်ဆုံးပေါ် ၀တ်မှုန်ကူးခြင်းမျိုးနဲ့
ငါတို့ ရောက်ရှိခဲ့ကြ
အဆွေခင်ပွန်းဖွဲ့ကြ
ငါတို့ဟာ ငါတို့ကိုယ်ငါတို့ အံ့သြလို့မဆုံး
ငါတို့ကျောင်းသား ဘ၀ဟာ အပျော်ရွှင်ဆုံးနဲ့အမြန်ဆုံး ပြီးဆုံးသွားခဲ့တယ်။

သက္ကရာဇ်တွေကျန်ခဲ့ပြီ
သစ်ပင်တွေ ကြီးရင့်လာတာသာ ရှိမယ်
အဆောက်အဦးတွေ တိုးချဲ့လာတာသာ ရှိမယ်
ကျောင်းကတော့ အရင်အတိုင်း ဘာမှမပြောင်းလဲ
ငါတို့သာ ပြောင်းလဲခဲ့ကြ
ချစ်သူတွေ မချစ်ကြတော့ဘူးတဲ့
ချင်းတွင်းလမ်းပေါ် စွန်းကျန်ရစ်တဲ့
တခါတုန်းက ချစ်သူ့ခြေရာလေး
အခုချိန်သွားရှာကြည့် မရှိတော့ဘူး
သူငယ်ချင်းတွေလည်း တနယ်တကျေးမှာ
ဘော်ဒါတွေကြားက ချစ်စရာကောင်းတဲ့ ဆဲရေးသံအစား
ဟန်ဆောင်မှု စကားချိုချိုလေးတွေ အစားထိုး သုံးစွဲတတ်ခဲ့ကြ

တချို့က ကျောင်းအ၀င်တံခါးမကြီးပေါ်မှာ
" ငါတို့ ဘယ်တော့မှ ပြန်မလာတော့ဘူး "
စာတန်းတွေချိတ်ဆွဲ တခြားတိုင်းပြည်တွေ ထွက်ခွာသွားကြ
တကယ်တော့ ကျောင်းဟာ လူမှားပြီး အသဲခွဲ ခံရသူပေါ့။

အောင်မြင်သူတွေလည်း ထင်ပေါ်ကျော်ကြားနေကြပြီ
ရှုံးနိမ့်သူတွေလည်း နာလန်မထူနိုင်ကြဘူး
အရင်အတိုင်း မပြောင်းလဲတဲ့သူတွေလည်း အရင်အတိုင်းပါပဲ
ငါလည်း ငါ့ အဆင်မပြေမှုတွေထဲ လဲကျ ရှုံးနိမ့်
ဘ၀ဆိုတာ လိုအင်ဆန္ဒတွေနဲ့ မပြီးပြည့်စုံနိုင်ဘူး
မင်းလည်း မင်းဘ၀နဲ့မင်း ပျော်အောင်နေ
လူတွေနဲ့တည့်အောင်ပေါင်း
ပညာကိုအထူးချွန်ဆုံး ကြိုးစားကာ မြန်မာပြည်ပြန်လာပြီး
အိမ်ထောင်တစ်ခုကို အောင်မြင်အောင်ထူထောင်ပါ
ကျောင်းသားတွေကို စာသင်ပေးပါ
ဆင်းရဲသားတွေကို ပေးကမ်းပါ
မင်းရဲ့ဖြူစင်တဲ့စိတ်လေး ညစ်ထေးသွားစရာ
ငါ့အပေါ်အညိုးအတေးတွေ မထားပါနဲ့
ငါဟာ စီမံကိန်း ချပြီး
ဒဏ်ရာတွေ မင်းရင်ဘတ်ထဲ ပစ်ချခဲ့တာ မဟုတ်ဘူးလို့
ရိုးသားစွာ နောက်ဆုံးအနေနဲ့
ပြောချင်တာပါ မေသက်ထား။


ပိုင်မင်းဆွေ

၁၃.၉.၂၀၀၇


Friday, September 7, 2007

အချစ်အကြောင်း-၃

နှစ်ယောက်ရှိရင်
တစ်ယောက်ကို တစ်ယောက် အပြစ်ဖို့စရာ
ပန်းများ
တောအုပ်များ
ချောက်ကမ်းပါး။

တို့ မလွတ်မြောက်နိုင်ခဲ့ဘူး
ကိလေသာ စံပယ်ပန်းရုံလေးထဲမှာ တို့ဟာ
ယနေ့/နက်ဖြန်ကြွေကျမယ့် သစ်ရွက်များ
ဒုက္ခစစ်စစ်က တို့လက်တစ်ကမ်းမှာဆိုလား
တို့ ရယ်နေခဲ့ကြတာ ။


ပိုင်မင်းဆွေ


Tuesday, September 4, 2007

မျက်ရည်

ညီမလေးက ခလုပ် ပိတ်လိုက်တော့
ဖယောင်းတိုင် မီးလေး ကျွန်တော်
မှိတ်သွားတယ်
ဘယ်တော့မှ ပြန် မပွင့်တော့ဘူး။

ပိုင်မင်းဆွေ

......................................................................................................................................................................................

Sunday, September 2, 2007

မမ အထက်ပိုင်းသူ မခင်သက်တင်



မမ အထက်ပိုင်းသူ မခင်သက်တင်

ငါအရေးတယူ ခေါ်ဆိုခဲ့သော နာမည်လေး
ငါ့ပါးစပ်ဖျားက လွတ်ကျသွားပြီ။

ရေလို မီးလို နေတဲ့ ငါ့ဘ၀လေးလည်း
အခုအခါ ပိတောက်ပန်းတွေ ပြန်တပ်ဆင်လို့ မရတော့ဘူး
စက္ကူပန်းလေး ပွင့်ခဲ့ရပါတယ်
မမ အထက်ပိုင်းသူ မခင်သက်တင်။

" မမ အထက်ပိုင်းသူ မခင်သက်တင်
မခင်သက်တင်ဟာ မာရီလင်မွန်ရိုးလို အသားဖွေးပါရဲ့
လက်ချောင်းလေးတွေ သွယ်တန်းဖြောင့်စင်းနေပြီး
သမင်မလို မျက်လုံးဝိုင်းလေးရှိသူ
ကိုယ့်ကိုယ်ကို လှမှန်းလည်းသိသူ ဖြစ်လေတယ်
အဲဒါတွေနဲ့ လားလားမျှမဆိုင်စွာ
...ခင်ဗျားရဲ့ ကြင်နာသနားတတ်ပုံလေးကို
...ထူးထူးခြားခြားလေး ချစ်နေရပါတယ် "
ဆိုတော့ မခင်သက်တင်က
ဖွဖွလေး ရယ်တယ်။


ကျွန်တော့်အိပ်မက်တွေက
မခင်သက်တင်တို့နေတဲ့ အထက်ပိုင်းမြို့လေးမှာ
ကျွန်တော်က
မခင်သက်တင် နှုတ်ခမ်းစူတဲ့ အရပ်မှာ
ခေတ်မီတဲ့မခင်သက်တင်ဟာ
ကျွန်တော့် ခေတ်ပေါ်ကဗျာတွေကို ကျတော့
ခံစားလို့မရပါဘူးတဲ့
ဘ၀မှာ အပိုအလုပ်တွေပါတဲ့
မခင်သက်တင်ဟာ ပိုက်ဆံကိုရေလို ရှာတတ်ပြီး
မနက်ဖြန်တွေ ဝေနေအောင်ပန်ထားတဲ့ မခင်သက်တင်။

မခင်သက်တင်ရဲ့တိမ်တွေဆီ
ကျွန်တော့်လေတံခွန်လေး မရောက်နိုင်ခဲ့ဘူး
ကျွန်တော့် ရိုးရိုးသားသား အရေးအသားတွေကိုကျ
မခင်သက်တင်က မဆယ်ယူခဲ့ပြန်ဘူး
ကျွန်တော်တို့ဟာ ဝေးကွာခြင်းကို ချဲ့ထွင်နေကြတာလား
မခင်သက်တင်ရဲ့ ဂီတဟာ ကီးမြင့် လွန်းလို့
ကျွန်တော်ဆိုလို့မရတာများလား
ကျွန်တော်ကလည်း ကျွန်တော့ကဗျာနဲ့ ကျွန်တော့ အမှန်တရားနဲ့
မခင်သက်တင်ကလည်း နှလုံးသားအပြင်းစားနဲ့ အချစ်သီချင်းစစ်စစ်တစ်ပုဒ်နဲ့။

ပိုင်မင်းဆွေ


၂၀၀၅-၂၀၀၆
.....................................................................................................................................

Saturday, September 1, 2007

မြို့

တို့မြို့လေးက ပုံပြင်တစ်ပုဒ်ပဲ
အဝေးကကြည့်ရင် တစ်ခုခုနဲ့ ကွယ်နေတတ်တယ်။

ရင်ခုန်သံနဲ့ ရင်ခုန်သံ
ချိတ်ဆက်ထားရာ အဝေးပြေးလမ်းမများ
မြို့အ၀င်မှာ နေကြာပန်းခင်းများ
အနောက်ဖက် ချင်းတောင်တန်းများ
တို့မြို့လေးဟာ စဉ်းစားစရာကောင်းတယ်။

တစ်ချိန်က မြက်ခင်းတွေမှာ ဆော့ကစားခဲ့ပြီး
အခုကောင်းကင်ပေါ်မှာ ဆော့ကစားချင်သူ
ငါ့အတွက်
တို့မြို့လေးဟာ အမြင်စောင်းစရာပေါ့။

ငါ့အဖေနဲ့ ငါ့အမေဟာ
အခုထိ တို့မြို့လေးမှာ ရုန်းကန်နေရတုန်း
ပင်လယ်ကို ရှာဖွေတုန်း။

ငါ့အမေအတွက်တော့ တို့မြို့လေးဟာ
အမြဲစိမ်း အသက်ဝင်နေတဲ့ ရှုမျှော်ခင်း
ငါဟာ တို့မြို့လေးကို
နှလုံးသားနဲ့ စိုက်ကြည့်ဖူးသလို
ကိုယ်နဲ့မဆိုင်သလို ခါးထောက်ရပ်ကြည့်ဖူးတယ်။

ဆောင်းဝင်ရင် တို့မြို့လေးဟာ
နှင်းမြူထဲမှာ ချမ်းလို့ တုန်လို့
မနက်စောစော အပြေးလေ့ကျင့်ဖူးတဲ့ ငါ့ငယ်ဘ၀လည်း
အဲဒီ နှင်းတွေထဲမှာ ကျန်ခဲ့။

ငါ့သံယောဇဉ်မှန်သမျှ
တုပ်နှောင်ထားရာ အရပ်ဒေသ
ငါဟာ တို့မြို့လေးမှာ ကြီးပြင်းခဲ့ပြီး
ငါဟာ တို့မြို့လေးမှာ ကောင်းကောင်းကြီး တိုက်ခတ်ခဲ့ဖူးတယ်။

ငါတို့မိသားစုတွေဟာ
တို့မြို့လေးမှာ ခေါင်းချဖို့ တစ်ခါမှ မပြောဖူးကြဘူး
တို့မြို့လေးဟာ ကျန်းမာရေးကောင်းတလှည့် မကောင်းတလှည့်
တို့မြို့လေးဟာ ကမ္ဘာကြီးကို ကြားတလှည့် မကြားတလှည့်
တနေ့နေ့မှာ
တို့မြို့လေးဆီ ငါ ပြန်လာနိုင်မှာလား
ငါ့အမေဟာ
ယောဂီဝတ်စုံကြီးဝတ်ပြီး ငိုနေတယ်။


ပိုင်မင်းဆွေ

၂၀၀၄
မန္တလေးနည်းပညာတက္ကသိုလ် ကဗျာ စာအုပ်

Wednesday, August 29, 2007

ခြေရာ

ပန်းချီကားထဲမှာ
မိုးရွာရင် ငုဝါပန်းတွေ ပွင့်ပြီး
တမာတောအုပ်လေးက မွှေးပျံ့လို့ ။

လ္ဘက်ရည်လို
လျှာထဲ စွဲကျန်ရစ်မယ့် အလွမ်းအဆွေး
ဟောင်နွမ်းသွားတဲ့ လွယ်အိတ်လေးက
ဟောင်းနွမ်းသွားတဲ့ ကျောင်းသားဘ၀အကြောင်း
အရေးတယူ ပြောဆိုလို့။

အဆင်မပြေတဲ့အခါ
ဆေးပေါ့လိပ်နားကြားထိုးပြီး လျှောက်ခဲ့တဲ့လမ်း
နောင်နှစ်ပေါင်းများစွာ ကြာလည်း
အရင်လို တဖြည်းဖြည်း မြင့်တက်လို့ ။

" ဟေ့ ....
ဘွဲ့နှင်းသဘင်နဲ့ စာသင်ခန်းမတွေ
ငါတို့ တိုက်ခတ်ဖူးတယ် ဆိုတဲ့အကြောင်း
ငါတို့ သီချင်းတွေ အော်ဆိုဖူးတယ် ဆိုတဲ့အကြောင်း
ငါတို့ ထားရစ်ခဲ့တဲ့ အရေးအသားတွေကတဆင့်
နှောင်းလူတို့အား လက်ဆင့်ကမ်း ပြောပြပေးပါ "
နံရံမှာ ရေးထိုးခဲ့ကြ
သစ်သား ခုံတန်းပေါ် ထွင်းထုခဲ့ကြ
ခေတ်တွေအား လက်ဆင့်ကမ်း သယ်ဆောင် ရှေ့ဆက်လို့ ။


ပိုင်မင်းဆွေ

* ဟိုးယခင် MIT ၊ ယခု MTU ( မန္တလေးနည်းပညာ တက္ကသိုလ် ) ကျောင်းထွက်
ကျောင်းသားဟောင်းများအား အထူးရည်ရွယ်၍ ကျောင်းသား ဘ၀ ဖြတ်သန်းဖူးသော
အယောက်တိုင်း အယောက်တိုင်း သို့ .........................။

Saturday, August 25, 2007

အချစ်အကြောင်း

နားကြပ်နဲ့
သူ့ရင်ဘတ်ကို ထိစမ်းနေတယ်။

သူ့လက်ဖျံ ဆိုတာလည်း
ဆေးတွေစီးဆင်းရာ မြေနိမ့်ဒေသ။

သူဟာ သေဆုံးပြီးသား ဆိုတဲ့အကြောင်း
သူလည်း အကြိတ်အနယ် ရှင်းပြထားတာပဲ။

" အသက်ကယ်ဆေးတွေ ထပ်ရောက်လာပြန်တယ် " ။

ပိုင်မင်းဆွေ


Thursday, August 23, 2007

ပုံပြင် ၂

အရိပ်ရတဲ့ မယ်ဇယ်ပင်တန်းတွေက
သူတို့အကြောင်း ကောင်းကောင်းသိတယ်။

ညနေတိုင်း သူတို့ကို စောင့်နေပါတယ်ဆိုတဲ့
သစ်သား နှစ်ယောက်ထိုင်ခုံလေး။

ဝါးပင်တွေ ငုဝါပန်းဆိုင်းတွေ
ရယ်သံတွေနဲ့ လုပ်ထားတဲ့ ချိန်းဆိုခြင်းတွေ
အခုတော့ အသက်ငင်နေတဲ့ လူအပြတ်ဆုံးလမ်းကလေး
တချိန်က ဒီလမ်းကလေးမှာ
လက်တွဲလမ်းလျှောက်ခဲ့ဖူးတာတွေ အဆင်မပြေခဲ့ကြတာတွေ။

အတူတူ တရှိုက်မက်မက် လွယ်ခဲ့ဖူးသော
လမ်းလျှောက်ရင် တလွင့်လွင့် လွယ်အိတ်အစီမ်းလေးများ။

ကျပျောက်သွားတဲ့ ကြယ်တွေကို
သူတို့အတူ လိုက်ရှာဖူးတယ်
မတွေ့တော့ ငိုခဲ့ဖူးတယ်
သူတို့မျက်ရည်တွေကို မိုးလည်းလိုက်မမီဘူး။

အဲဒီမှာ တမာပင် ရှိတယ်
ခင်ဗျားက မတော်တဆ မေးမိခဲ့ရင် တမာပင်က ပြောပြလိမ့်မယ်
သူတို့ ဇာတ်လမ်းလေးက ဒီလို... ဆိုတဲ့အကြောင်း
သူတို့ အမောတကော စီဆင်းဖူးတဲ့
အလွမ်းတကာ့ အလွမ်းဆုံး စမ်းချောင်း။

ပိုင်မင်းဆွေ
.................................................

Monday, August 20, 2007

ဒဏ်ရာ ၉

လိုအပ်တဲ့အကွက်ဆီ
လက်မရွှေနိုင်တော့ဘူး
ချထားလိုက်ရတဲ့ ဂစ်တာ
ချထားလိုက်ရတဲ့ ချစ်ခြင်းမေတ္တာ။

သွားတော့နော် ကလေးမ
ရထားက စထွက်နေပြီ။

ငါမပြောဖူးတဲ့ စကားကို
ငါပြောတယ်
ငါ စိတ်မခိုင်ဘဲနဲ့
ငါ အော်ကျယ်အော်ကျယ် လုပ်ခဲ့တယ်
ပြီးတော့လည်း ငါ တစ်ယောက်ထဲ ငိုနေရတယ်
လူရှေ့သူရှေ့ လန်ကျသွားတဲ့ ဖဲလို
ငါဟာ တန်ဖိုးမရှိ ရှက်ရွံ့နာကျင်စွာ။

ပိုင်မင်းဆွေ
၂၀၀၄
မန္တလေးနည်းပညာတက္ကသိုလ် ကဗျာစာအုပ်

Thursday, August 16, 2007

ချစ်ခြင်း


ကိုကိုနဲ့ ညီလေးရဲဝင်း
ငယ်ငယ်တုန်းက ရိုက်ထားတဲ့ ဓါတ်ပုံ
ကိုကို့ ရင်ခွင်ထဲမှာ ရဲဝင်းက ပြုံးလို့ ။

မေတ္တာတရားဟာ လူကို တုန်လှုပ်စေတယ်
ဒါကို မင်းလက်ခံလား။

မင်းတွေးကြည့်
မင်းသိရမှာ။

မင်းဒုက္ခရောက်တဲ့ အချိန်တိုင်း မင်းအိပ်မက်တွေထဲကို
အပြေးပျံသန်းလာမယ့် ငှက်တစ်ကောင်
အဲဒါ တခြားလူမဟုတ်ဘူး
အဲဒါ ကိုကိုပဲ
ရဲဝင်း။

ပိုင်မင်းဆွေ

၂၀၀၄
မန္တလေး နည်းပညာတက္ကသိုလ် ကဗျာစာအုပ်။

Tuesday, July 31, 2007

ဝါးတော

မြို့အစွန်တောလမ်းလေးကိုလွန်ရင်
ရင်ထဲကို သူရောက်လာလိမ့်မယ်။

ဗန်းစကားတွေနဲ့ ဝေးတဲ့အရပ်မှာ
သူနေတဲ့ စမ်းရေအိုင်လေးရှိတယ်
ကျေးငှက်တွေ တေးသီလို့မဆုံး။

မျှစ်ချိုးတဲ့သူတွေ ရောက်လာတတ်တယ်
ငှက်ပစ်တဲ့သူတွေ ရောက်လာတတ်တယ်
အမည်မဖော်လိုသူတွေလည်းရောက်လာတတ်တယ်
သူဟာငြိမ်သက်လို့။

လေတိုက်တာကိုသိချင်ရင်
သူ့ဆီကို နားစွင့်ရတယ်
ခံစားတတ်ရင် သီချင်းတစ်ပုဒ် ကဗျာတစ်ပုဒ်ပဲ။

နွေရာသီရောက်ရင်တော့ အကိုင်းချင်း "ချစ်" မိရာက
နတ်မကြိုက်လို့ သူမှာ မီးခိုးတွေအူ။

မင်းဆွေထွန်း

မေ ၂၀၀၇
မဟေသီ


မှတ်ချက်။ ။ ကလောင်ခွဲ မင်းဆွေထွန်း နဲ့ ဖော်ပြခဲ့တဲ့ကဗျာ။

Thursday, June 21, 2007

မိုးများ

သပ်သပ်ရပ်ရပ် အုံ့ဆိုင်းနေပေမယ့်
ပရမ်းပတာ ရွာကျလာမှာပါပဲ။

" မိုးရွာရင် ရေရတယ် "
" သစ်ပင်တွေက မိုးကြိုက်တယ် "
" နောက်ပြီး မိုးရွာထဲမှာငိုရင်လူမသိဘူး "
" မိုးတွေက အားကိုးရတယ် "
လက်ညှိုးလေးတထောင်ထောင်နဲ့ သူမရဲ့ စကားသံများ
အဲဒီတုန်းက မိုးတွေနဲ့အတူ ရွာကျခဲ့တာ။

အလွတ်ရနေတဲ့ နံပါတ်လေးက ခေါ်ဆိုလို့မရဘူး
မိုးရွာလို့ ဖုန်းလိုင်းပျက်နေပါတယ်တဲ့
မိုးမိလို့ စုတ်ပြဲသွားတဲ့စာတစ်စောင်ထဲ
စုတ်ပြဲသွားသော အိပ်မက်များ
ငါ့နှလုံးသားလေးဆိုတာလည်း
မိုးတွေစိုကုန်လို့မပျံနိုင်တော့တဲ့ အသံဝါ၀ါငှက်ကလေး
မိုးထဲလေထဲ ခေါင်းငိုက်စိုက်ကျ တုန်ယင်လို့။


မိုးရာသီတွေကို ကျော်ပစ်လိုက်တယ်
မိုးတွေနဲ့ ခပ်ကင်းကင်းနေခဲ့တယ်
မိုးတွေရဲ့အဝေးဆုံးကို ပြေးထွက်ခဲ့ပါတယ်
ရှောင်လို့မရတဲ့အခါ မိုးနဲ့ရောပြီးငိုတတ်ခဲ့
မိုးရွာထဲပြန်တွေ့တုန်းကသူမလှမ်းပေးတဲ့ထီးကလေး
ရင်နာနာနဲ့ ငြင်းခဲ့တယ်
နောက်ဆုံးကျတော့မိုးတွေရွာလာရင်
ဇာတ်လမ်းအဆုံးမှာ ကျွန်တော့်အခန်းတံခါးတွေ ပွင့်လာတယ်ကို မရှိတော့ဘူး။

ပိုင်မင်းဆွေ


Saturday, June 9, 2007

သင့်စကားလုံးများနဲ့ ကျွန်တော့်အခန်းရဲ့အပြင်အဆင်

မေတ္တာတရားအကြောင်းပြောတုန်းက
ရယ်သံတွေပဲ အဖတ်တင်တယ်။

ကိုယ့်ထက်ငယ်ရွယ်သူရေ
လူ့အဖြစ်ကိုမေ့လျော့ပြီး
သင့်ကိုချစ်ခဲ့မိတာပါ။

သင်နဲ့ပတ်သက်ရင် မာကျောလွန်းသူတန်မဲ့
ခွေးကလေး ကြောင်ကလေးလို ယဉ်ပါးလွန်းခဲ့တယ်။

သင်က ကျွန်တော့်အသက်ကိုမှ ဆော့ကစားချင်တဲ့အခါ
ကျွန်တော်ပြုံးနေလိမ့်မယ်
ကျွန်တော်ပြုံးနေတာဟာ ကျွန်တော်အသေခံတော့မယ်မှန်း
သင်မသိဘူး၊ သင်ကတော့ထုံးစံအတိုင်း တခိုးခိုး တခစ်ခစ်
ရယ်နေမယ် ပျော်နေမယ်။

အဆိုးဖက်ကမျှော်လင့်ရင်း
လက်တွေကို ဆန့်တန်းထားပါတယ်
သင်ကနောက်ဘ၀ကို ချိန်းဆိုတယ်ဆိုလည်း
မငြင်းဘူးဆိုတဲ့ လူတစ်ယောက်ပေါ့။

ပိုင်မင်းဆွေ

၂၀၀၅
........................................................

Friday, June 8, 2007

ကျောင်း


တစ်စုံတစ်ယောက်က မေးရင် ဖြေဖို့
ကျောင်းဟာ ခေါင်းမော့ထားတယ်။

လူလူချင်း အချိတ်အဆက်မိဖို့
စိတ်ကူးစိတ်ကူးချင်း အချိတ်အဆက်မိဖို့
အဝေးပြေးလမ်းမများ၊
ခြစ်ကြည့်
မီးတောက်တယ်
တီးလိုက်ရင် အသံထွက်တယ်။

ပြတင်းပေါက်ဆိုတာလည်းကျောင်းပဲ
ပင်လယ်ပြင်ဆိုတာလည်းကျောင်းပဲ
အာဒံနဲ့ဧ၀ဟာ ကမ္ဘာဦးကျောင်းကဖြစ်ပြီး
ရွှေကိုကျောင်းထဲက တူးဖော်ရတယ်။


မင်းဆွေ(ကလေး)

အောက်တိုဘာ ၂၀၀၄
သည်းထိတ်ရင်ဖို

မှတ်ချက်။        ။ ပထမဆုံး မဂ္ဂဇင်းစာမူ နှင့် ပထမဆုံး ကလောင်။
..............................................................................................