လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Wednesday, October 24, 2007

သူမရဲ့ လိမ္မော်ရောင် ထီးရှည်


















img internet
photo retouching by minswe


သူမရဲ့ လိမ္မော်ရောင် ထီးရှည်

သူမရဲ့ လိမ္မော်ရောင်ထီးဟာ
အချစ်စိတ်ရဲ့ သင်္ကေတလို့
ကျွန်တော့်ကို ဘယ်သူပြောလဲ
(ဘယ်သူမှမပြောပေမယ့်)

မိုးဒဏ်နဲ့နေဒဏ်ကို အလုံအလောက်အကာအကွယ်ပေးနိုင်တဲ့
ထီးရွက်နဲ့ ကြံ့ခိုင်တဲ့ ကိုင်းတွေရှိတယ်။

လူတွေကို မှုန်မှုန်လေး မြင်ရတဲ့နေရာကနေ ကြည့်ရင်
ဒါဟာ သူမ ပဲလို့
သူမရဲ့ လိမ္မော်ရောင်ထီးက ပြောပြတယ်။

ထီးဆိုတာ မိုးနေ ကာကွယ်ဖို့လို့
ရိုးရိုးသားသား အတွေးအခေါ်နဲ့ ကျွန်တော်ဟာ
သူမနဲ့ သူမရဲ့ လိမ္မော်ရောင်ထီးကို
သာမာန်ထက် ပိုမတွေးခဲ့။

နေပူပြင်းတဲ့နေ့တွေမှာ
လိမ္မော်ရောင်ထီးဟာ သူမ အပြုံးတွေကို
ကာကွယ်ပေးသူ
သည်းထန်တဲ့မိုးစက်တွေကြားက
သူမကို လုံအောင် ဖုံးထားသူ
သူမဟာ ထီးကို သူရဲကောင်းတစ်ယောက်လို
ထင်မှတ်သုံးစွဲနေပုံမျိုးနဲ့
ခံယူ ရင်ကော့ရင်း
လိမ္မော်ရောင်ထီးဟာ မာနကြီးသူပေါ့။

လိမ္မော်ရောင်ထီးဟာ ကျွန်တော့်အတွက်တော့ သူ့မှာ
နေရာမရှိပါဘူးဆိုတဲ့ မျက်နှာပေးနဲ့
နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ဖြတ်လျှောက်သွားတဲ့အခါ
ဒါဟာ သူမလား သူမရဲ့ လိမ္မော်ရောင်ထီးလားလို့
ဝေခွဲမရအောင် တစ်သွေးတည်း တစ်သံတည်း ရှိခဲ့တယ်။

သူမဟာ အဲဒီထီးကို ဆောင်းပြီး
သူမရဲ့ချစ်သူနဲ့ အနမ်းမိုး စွေရင် စွေခဲ့ဖူးမယ်
( နေမပူလည်း ထီးဆောင်းကာ ဆိုတဲ့သီချင်းလိုပေါ့ )
မိုးရေထဲမှာ လျှောက်လည်ရင် လည်ခဲ့ဖူးမယ်
(အဲဒီအချိန် သူမရဲ့မျက်နှာလေးဟာ ဘယ်လို ရှိနေမလဲ )
ကျွန်တော့်အတွက်တော့ ဒါဟာ
အနှေးပြကွက် အက်ရှင်တစ်ခုလို ခံယူ လက်ခံရင်း
အဝေးကသာ ငေးမောနေရုံပေါ့။

သူမဟာ လိမ္မော်ရောင်ထီးကို
ဖက်ရှင်တစ်ခုလို သုံးစွဲခဲ့တာ ဆိုရင်တော့
တစ်ချိန်မှာ ဒီဇိုင်းအသစ် အခြားအရောင်တစ်မျိုးမျိုးရှိတဲ့ ထီးအသစ်ကို
ပြောင်းလဲ သုံးစွဲ လိမ့်မယ်
အဲဒီအခါကျမှ လိမ္မော်ရောင်ထီးကို
ကျွန်တော် ပြောချင်ပါတယ်
လိမ္မော်ရောင်ထီးရေ ...... မင်း သိပြီလားလို့
အခု ခံစားချက်ဆိုတဲ့ စကားလုံးရဲ့ အတိမ်အနက်ကို
မင်း နားလည်ပြီ မို့လားလို့
မေးချင်ပါတယ်
အဲဒီအခါ ချောင်ထိုးခံထားရတဲ့ လိမ္မော်ရောင်ထီးဟောင်းလေးက
ဘာပြန်ပြောလိမ့်မလဲ ဆိုတာကို
ကျွန်တော်ဟာ တွေးကြည့်ရင်း စဉ်းစားနေမိတယ်။


ပိုင်မင်းဆွေ

၂၄.၁၀.၂၀၀၇
၁ နာရီ ၅၅ မိနစ် ။

..............................................................................

4 comments:

Anonymous said...

ကျွန်မမှာလည်းလိမ္မော်ရောင်ထီးတွေအများကြီးရှိတယ်။
တစ်ချောင်းကကျောင်းမှာကျန်ခဲ့တာ။
တစ်ချောင်းက City Mart မှာကျန်ခဲ့တာပြန်မရဘူး။
နောက်တစ်ချောင်းက သူငယ်ချင်းငှားသွားပြီး ပြန်မရတာ။
လိမ္မောရောင်ထီတွေက ချစ်စရာကောင်းတယ်။
နှင်းဆီနီနီ။။

MELODYMAUNG said...

လိမ္မော်ရောင်ထီးလေးက ပြန်ပြောတယ်
သူက ပါရမီဖြည့်ဖက်ပေါ့တဲ့ မလိုတော့လို့ ချောင်ထိုးထားလဲ သူကနေတတ်တော့ ကျေနပ်ပါတယ်တဲ့။
အဲတော့ ကဗျာရှင်ကြီးရေ ကျနော့်ကို မနာလို မရှိပါနဲ့ ။ ခံစားချက်ဆိုတဲ့ စကားလုံးရဲ့ အတိမ်အနက်ကို ကျနော်က နားလည်ပြီးတော့ အနှိုင်းမဲ့ သူမ အဖေါ်မွန်ဖြစ်ချင်ခဲ့တာပါတဲ့ ။

(အဟီး စဉ်းစားကြည့်တာ အဖြေမပေါ်မှာစိုးလို့ ထီးနေရာမှာ ခံစားပြီး ပြောကြည့်တာနော်)

pandora said...

ဖက်ရှင်သမားအတွက်ကျတော့ လိမ္မော်ရောင် ထီး တစ်မျိုးတည်းဆို ပျင်းစရာကြီးဖြစ်မယ်။

ဒါပေမယ့် ထီးကိုက ပျက်လာတော့ အသစ်ပြောင်းရတာလည်း ဖြစ်နိုင်တယ်။
ိထီးတစ်ချောင်းရဲ့ သက်တမ်းက ဘယ်လောက်ခံလဲမသိ။
အစွဲအလန်းကြီးသူများ ကျတော့လည်း အသစ်ဝယ်ရတောင်
လိမ္မော်ရောင်ပဲ တဲ့။

(ကဗျာလေးကို နှစ်သက်ခံစားသွားပါသည်။)

Pie Min Swe said...

လိမ္မော်ရောင်ထီးကို မီးမီးကြီးဆီ ပို့လိုက်ပါတယ်။
လိမ္မော်ရောင်ထီးကို မပန် ဆီ ပို့လိုက်ပါတယ်။
လိမ္မော်ရောင်ထီးကို နှင်းဆီနီနီ ဆီ ပို့လိုက်ပါတယ်။
သင့်ဆီကို လိမ္မော်ရောင်ထီးက ရောက်လာတဲ့အခါ
လိမ္မော်ရောင်ထီးကို မေးနိုင်ပါတယ်။
လိမ္မော်ရောင်ထီးက မိန်းမချင်းကျ စကားတွေ ပြောထွက်ပါ
လိမ့်မယ်။