လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Thursday, July 22, 2010

ငါ့ရဲ့အခင်းအကျင်း

ငါ့အရိုးတွေအကြောင်း ငါမပြောနိုင်
ငါ စိတ်လိုလက်ရရှိတုန်းကတော့
ငါ့ကိုယ်ထဲ ငါစမ်းကြည့်
ငါ့သွေးကြောထဲမှာ ချောက်နက်နက်တစ်ခုရှိတယ်
အဲဒီချောက်ထဲသို့ ငါလွှတ်လိုက်တဲ့ စာပို့ခိုတွေ
ငါ့ဆီတစ်ကောင်မှ ပြန်ရောက်မလာဖူးဘူး
တကယ်တော့ ငါ့အကြောင်းဟာ ပျင်းရိဖွယ်ပါ
ငါ့စိုက်ခင်းမှာ ထူးဆန်းတာဘာမှမရှိ
ငါ့မသိမှုတွေသာ ကိုင်းဆက် အသီးမြန်ခဲ့ရ
မျက်လုံးဝင်းဝင်းများနဲ့ မင်းကိုငါချစ်တယ်ဆိုပြီး
ကြာသပတေးညတွေမှာ ငါ ထထယောင်မယ်
ခေတ်နဲ့ ရင်းရင်းနှီးနှီးရှိတဲ့ ငါ့မီးတွေ
မြန်နှုန်းမြင့်မြင့် ထထလောင်မယ်
ဘီယာဆိုင်သွားရင်း ကေတီဗွီထိုင်ရင်း
ငါ လှလှပပ အရွယ်ရောက်လာတာဟာ
ငါ့ကိုဖမ်းမယ့် ငါ့ထောင်ချောက် ပိရိသေသပ်တာလို့ခေါ်တယ်
ဘွဲ့တွေရ လခတွေရ ဘယ်လောက်သေသပ်သလဲ
ဟိုဟာတွေငါပိုင် ဒီဟာတွေငါဆိုင်
ငါ့ဖြတ်လျှောက်ဇာတ်ဝင်ခန်းဟာ ကြေးကြီးလာခဲ့
ငါဟာမိန်းမော ငါဟာမျော ဒီလိုဆို
မဖြစ်သေးဘူး ငါအချီကြီးခုတ်ပိုင်းမိတော့မယ်
ငါ့ကြောက်စိတ်တစ်ပတ်ပြန်လည် ငါ့ကြေးစည်သံငါကြားမိ
ငါ့မွေးနေ့မှာ ငါ့ကိုယ်ငါ သွေးအေးအေး ဖြုတ်ပစ်တယ်
ငါဟာ ငါ့ပြုတ်ထွက်လက်နှစ်ဖက်ကို ကြည့်ပြီး ရယ်တယ်
ငါ့ပဲ့ကွာခြေထောက်နှစ်ချောင်းကို ကြည့်ပြီး မောတယ်
အခု ငါ့ကိုယ်ကောင်ဟာ ငါ့ညစာ
ငါ့ဦးခေါင်းက ၀ါးလုံးကွဲဟာသပဲ
ငါ့မျက်လုံးနဲ့ငါ့နားရွက်တွေကို ကိုင်ကြည့်နေတဲ့
ငါ သို့မဟုတ် ငါး
(ယနေ့ထိ) ငါ့ကိုဘာနဲ့မျှားမျှား
ငါတို့ မိမြဲမိတယ်။

ပိုင်မင်းဆွေ
( ၂၀ ဂျူလိုင် ၂၀၁၀)
၎း၁၁-၅း၀၀-၅း၂၄ မနက်။



*ကဗျာဆရာအောင်ပိုင်စိုးရဲ့ Poet's Choice အစီအစဉ် စာမူတောင်းတုန်းက ဒီကဗျာလေးကို ပေးခဲ့မိတယ်။
ဒီလင့်များမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

>>Poet's Choice by Pi Min Swe
>>ငါ့ရဲ့အခင်းအကျင်း

2 comments:

Thet Twe said...

ကိုမင်းဆွေကြီး ...

theme ကော စကာလုံးတွေကော ထိတယ်ဗျာ။ ဒီကဗျာ အတော် သွေးအေးတယ် ။

ကိုပခန်း said...

လာဖတ်ပါတယ် သယ်ရင်းရေ...

ကျောင်းသားဘ၀တုန်းကလို ပြောင်မြောက်ဆဲပါပဲကွာ။ ASP.net လေးလည်း စောင့်ဖတ်မယ်နော။