လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Thursday, April 29, 2010

တေး

ဘယ်လိုသတိရမှုမျိုးနဲ့
ငါ ဆိုနေသလဲကွယ်
မေတ္တာတရားဟာ ဂစ်တာကြိုးပေါ် တုန်ခါနေရဲ့
ဟိုတုန်းကစိတ်ဟောင်းလေး ဟိုတုန်းကခုံပြာတန်းလေးပေါ် ရစ်ဝဲ
ဟိုတုန်းက ရန်သူတွေကြား ဓားနဲ့ဒိုင်း
လိပ်ပြာနဲ့ခန္ဓာလို သူသေကိုယ်သေ ချစ်မယ်ဆို
ခုတော့ အစွဲအလန်းတွေပန်ထားတဲ့ အရူး
ငြင်းဆန်တယ် ထွက်ပြေးတယ် ရုန်းတယ်
ဆွဲတဲ့သူကလည်း နောက်တစ်ခေါက် အမြင့်ဆုံးကီးနဲ့
ဆွဲခဲ့တယ် နစ်တဲ့သူကလည်းနစ်ခဲ့တယ်။


ပိုင်မင်းဆွေ

5:14 PM
29.4.2010

Sunday, April 25, 2010

ညီမလေး ပုံပြင်

လက်ညှိုးလေးတထောင်ထောင်နဲ့
ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူး ပြောဖို့ဆိုဖို့
ညီမလေးက မွေးဖွားလာခဲ့တာပေါ့။

ခေတ်ကြီးထဲက
သူလိုကိုယ်လို ခေတ်ပေါ်ညီမလေး
တီဗီကြော်ငြာသီချင်းလိုက်ဆိုမယ်
အွန်လိုင်းတက်မယ်
စကတ်တိုတိုဝတ်မယ်
ဘတ်ဆဲလား ၀တ္ထုဖတ်မယ်။

ကမ္ဘာကျော်ဒဿနတွေဆိုတာ
နောက်ဆုံးတော့ ညီမလေး ပါးစပ်ဖျားပေါ်ရောက်ကုန်တာ
ကျောင်းမှာ အိမ်မှာ
သူငယ်ချင်းတွေကြားမှာ
ညီမလေး နှုတ်သီးကောင်းကြောင်း သတင်းများ
ညီမလေးခြေရာလက်ရာ။

ကျောင်းစာမှန်မှန်လုပ်တတ်တဲ့ညီမလေးဟာ
ကမ္ဘာကြီးပူနွေးလာသလို မိသားစုပူနွေးလာတာကိုကျ
မသိတာလား မသိချင်ယောင်ဆောင်တာလား
အ၀တ်အစားလှလှလေးတွေကိုသာ ညီမလေးမြင်တတ်လို့
မနက်ဖြန်ကို ညီမလေးမမြင်ရတာပေါ့။

အမေ့မျှော်လင့်ချက်နဲ့တူတဲ့ ညီမလေး
ဘ၀ဆိုတာ မင်းနှုတ်ခမ်းစုဖို့သက်သက်
ရှင်သန်နေတာမျိုး မဖြစ်စေနဲ့
မင်းအစ်ကိုတွေကို ရန်ထောင်သလို
လောကကြီးကို ရန်ထောင်ဖို့မဖြစ်နိုင်ဘူး။

အလိုမကျတဲ့အခါတိုင်း
အခန်းတံခါးပိတ် စိတ်ကောက်တတ်တဲ့ ညီမလေးဟာ
တနေ့ကျ မိခင်တစ်ယောက်ဖြစ်လာဦးမှာ
အမေ့နို့ကို မင်းစို့ပြီး အားသစ်တွေရခဲ့ဖူးသလို
မင်းဆီက ဖြစ်လာမယ့် မင်းရင်သွေးလေးတွေအတွက်
အေးမြတဲ့မင်းနို့ရည်ဟာ
စစ်ပွဲတွေကို ပျက်ရယ်ပြုခြင်းသီချင်းတစ်ပုဒ်
မေတ္တာတရားကိုယ်စား အစာအငတ်ခံသူ
မိုးခေါင်ရေရှား အရပ်မှာရွာတဲ့
မနက်ဖြန်အသက်ရှင်ခွင့် မိုးသားများ
မဟုတ်ဘူးလား ဇွန်ပန်းစံပယ်ပန်းတွေနဲ့
ဖွေးဖွေးလှုပ်နေတဲ့ညီမလေး။

ပိုင်မင်းဆွေ

၂၀၀၈ HEART မဂ္ဂဇင်း။

Friday, April 23, 2010

ဒဏ်ရာ

လိုအပ်တဲ့အကွက်ဆီ
လက်မရွှေ့နိုင်တော့ဘူး
ချထားလိုက်ရတဲ့ ဂစ်တာ
ချထားလိုက်ရတဲ့ ချစ်ခြင်းမေတ္တာ။

သွားတော့နော် မမနီနီ
လေယာဉ်ပျံကြီး ထွက်တော့မယ်။

ငါ မပြောဖူးတဲ့ စကားကို
ငါ ပြောတယ်
ငါ စိတ်မခိုင်ဘဲနဲ့
ငါ အော်ကျယ်အော်ကျယ် လုပ်ခဲ့တယ်
ပြီးတော့လည်း ငါပဲ ငိုနေရတယ်
လူရှေ့သူရှေ့ လန်ကျသွားတဲ့ ဖဲလို
တန်ဖိုးမရှိ ငါဟာ ရှက်ရွံ့နာကျင်စွာ။

ပိုင်မင်းဆွေ

၂၀၀၇ သြဂုတ်တွင် ဘလော့မှာ တစ်ခါတင်ခဲ့ပြီးသော ဒဏ်ရာ၉ ကို ပြန်လည်ခံစား အနည်းငယ်ပြင်ဆင် ဖော်ပြပါတယ်။

Sunday, April 18, 2010

အရွေ့

ပုရွက်ဆိတ်အုပ်တန်းလေးနဲ့ပဲ
မြစ်ကို သဘောတူထားတယ်
သူတို့အသွားအလာထဲ ရောယောင် ယိုင်ထိုးကာ
ပိတ်ကားပေါ် ကောက်ကောက်ကွေ့ကွေ့ စီးဆင်း။


ပိုင်မင်းဆွေ

12:17 AM
18 April 2010

ရော်... ခက်ပြီ | သုံးစွဲပြီးရင်သူ့နေရာနဲ့သူပြန်ထားပါ

စာပွဲပေါ်တင်ထားတဲ့ စာအုပ်ကို ဘယ်သူရွှေ့သွားတာလဲ။ သံဗီရိုပေါ်က သရက်သီးသနပ်ဗူးကို ဘယ်သူ ဆွဲသွားတာလဲ။ အခန်းထောင့်က ဂစ်တာ.. သူ့အတွက် သီချင်းသစ်တွေရှိတဲ့ အခန်းကို ရွေ့ပေါ့။ ဒီမှာ.. ဟေ့လူ။ ကျွန်တော်တို့က အများဆိုင်နာမ်ပါတဲ့။သစ်သားမီးခြစ်ပုံးထဲက မီးခြစ်ဆံလေးတွေက ပြောတယ်။ ကျွန်တော်ကတော့ နေ့တွေညတွေကို အိပ်မက်သူပါတဲ့။ လက်ပတ်နာရီက ကဗျာရွတ်သလို ထရွတ်တယ်။ အင်းလေ...။ ကမ္ဘာလုံးပုံကာဗာနဲ့ ဗလာစာအုပ်ကို ဒီညအတွက် ရွေးချယ်လိုက်မယ်။ မျက်လုံးကို သူ့အပေါ်မှာပဲ ထားလို့ မခံမရပ်နိုင်သူ ပြက္ခဒိန်။ မင်း... ဒီနေ့ တစ်ယောက်တည်း အိပ်ကွာ။ ဖောင်တိန်က ဒီကိုလာ။ အဓိပ္ပါယ်တွေရေ... မင်းတို့ ငါ့ကို ဖြတ်တောက်ကြပေါ့။ တစ်နေ့ ခြင်အကောင်ငါးဆယ်မပြည့်သေးလို့... ခြင်တွေတဖွဲဖွဲေ၇ာက်လာတယ်။ မင်းတို့က သင်္ကြန်ဗုံးပေါက်တဲ့အထဲ ပါသွားတဲ့သူတွေလား။ မဟုတ်ခဲ့ရင် ငါ့ကို ခွင့်လွှတ်ပါ။ ဟုတ်ခဲ့ရင်တော့ ငါ့ကို သုံးစွဲကြပါ။ စာအုပ်ကို ဖတ်နေသံအား နားစွင့်ထားတယ်။ ဂစ်တာကို ဆောင့်ဆောင့်တီးသံတော့ကြားရတယ်။ မင်းမှာ အသည်းနှလုံးရှိရင် ဂစ်တာကို ဒီလိုဆောင့်ဆောင့်မတီးဘူး။ သရက်သီးသနပ်ဟာ အခုထိ ပုန်းကွယ်နေတုန်းပဲ။ ကွန်ပျူတာကို ဖွင့်တယ်။ နုတ်ပတ်ကို ဒါဗယ်ကလစ်နှိပ်တော့ ခုနက ကမ္ဘာလုံးပုံစာအုပ်က လက်မောင်းကို ဆွဲတယ်။ ရော်.. ခက်ပြီ။ မကျေနပ်ရင် ငါ့ကို ပြန်သုံးစွဲပါ။ ပထမဆုံးစာမူဟာ စာအုပ်နဲ့ ရေးခဲ့တာ.... ဟုတ်တယ်။ ပြောတာလက်ခံတယ်။ အခုခေတ်ဟာ မြန်မာပြည်ကို အင်တာနက်ရောက်လာခါစကလို မဟုတ်တော့ဘူး။ ရော်..ခက်ပြီ။ ကောင်မလေးကို ချက်တင်ထဲက ဘဲက အပြင်ခေါ်ထုတ်ခဲ့တာ ဟုတ်တယ်လို့။ ရော်... ခက်ပြီ။ မုံရွာ-ရန်ကုန်-စင်ကာပူ အမြန်ယာဉ် ကနေ့ထွက်မယ်တဲ့။ ရော်.. ခက်ပြီ။ ခါးပိုက်နှိုက်သလို နှိုက်နှိုက်ချွတ်ချွတ်သုံးစွဲခံရပြန်ပြီ။ ဒါပေမယ့် စိတ်မဆိုးနဲ့ ဒီဖောင့်က ယူနီကုဒ်မဟုတ်လို့ပါ။ ကိုယ်လည်း ရောယောင်လိုက်တဲ့ထဲပါနေပြီလား။ လူဆိုတာ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာတော့ သိရတယ်။ မသိရင်လား။ ဘာမှမဖြစ်ပါဘူး။ ရော်.. ခက်ပြီ။ အိမ်လည်လွန်တဲ့ဂစ်တာပြန်လာရင် ဒါကို တီးခတ်ရမယ်။ ဒါဟာ သီချင်းဟောင်းဆိုတာ သူမေ့နေလောက်ပြီ။ လူတွေလည်း ဒီလိုပဲ။ မေ့နေတာကို တူးဖော်ရတယ်။ ပြန်ဆိုတေးတွေ ခေတ်ကောင်းခဲ့တာပဲကြည့်။ရော်.. ခက်ပြီ။ မပြောဘဲယူသွားတဲ့စာအုပ်ကို ဖတ်ပြီးရင် သူ့နေရာသူပြန်ထားရင်ပဲ ကျေနပ်ပြီ။ ရော်..ခက်ပြီ။ သရက်သီးသနပ်ကုန်သွားလဲ ဗူးခွံပြန်ယူလာပေးပါ။ ဗူးအလွတ်တစ်လုံးက ပိုပြီးတန်ဖိုး၇ှိတာ ခင်ဗျားဦးနှောက်က လက်ခံလား။ ရော်..ခက်ပြီ။ ဂစ်တာသံ တိုးတိုးလေးကြားနေရတယ်။ အပြင်လမ်းတွေဖက် ပင့်သွားတာလား။ ငါ့ဂစ်တာကို သူ့နေရာနဲ့သူ ပြန်လာထားပါ။ စိတ်ပေါက်ရင်တော့ သိတယ်မို့လား။ နုတ်ပတ်ကို ပြန်ပိတ်လိုက်တယ်။ အစွဲအလန်းဟာ တော်တော်သတ်ရခက်တာပဲ။ ဂစ်တာနောက်ကို လိုက်ရမယ်။ လမ်းဖယ်ပါ.. င့ါကို ဘာနဲ့မှ မျှားလို့မရဘူး။ ရော်.. ခက်ပြီ ဘီယာဆိုပဲ။ အေးအေး... စာအုပ်ယူသွားတာမင်းလား။ သရက်သီးသနပ်က တန်ဖိုးမရှိပါဘူး။ ရေခဲသေတ္တာက ရေခဲသေတ္တာနဲ့တူနေဖို့ပဲလိုတယ်။ သုံးစွဲပြီးရင်ငါ့ကို သူ့နေရာနဲ့သူ ပြန်ထားခဲ့ပါ။ ရော်.. ခက်ပြီ မယုံကြည်ရဘူးဆိုတာ ဒါပဲ။ သစ္စာရှိတယ်ဆိုတာလဲ ဒါပဲ။ အမြုပ်ပလုံစီတွေထဲမှာ ဒီမျက်နှာက ပေါ်လာပြန်ပြီ။ ကဲ... လာထား။ ကန်စွန်းပလိန်းလို ကြွေပန်းကန်နဲ့ကျမှ ကျော့ရှင်း ဈေးမြင့်သွားတဲ့ မိန်းကလေး။ ရော်...ခက်ပြီ။ 

နောင်တော်

11:23 PM
17 April 2010

Thursday, April 15, 2010

သတိရတိုင်း ငါပြန်တဲ့ မြို့

ညနက်ထဲ
ပိတ်ဆို့ လဲလျောင်းနေတတ်တဲ့ မြို့
ကြယ်တွေ ကြယ်တွေ ဆိုတာ
ခိုးခိုးရွေယူရတယ်။

ငါ့စိတ်အား ကင်ဆာမြစ်လို ကုပ်တွယ်လို့
ဝေးဝေးရောက်နေလည်း လက်လျှော့မသွားဘူးကွယ့်
ခိုးထားတဲ့ကြယ်နဲ့ ကြွေကျ ပြန်ခဲ့မယ်။

အမေ စိုက်တဲ့ နနွင်းပင်တွေ
အဖေ့ခေါင်မိုးနဲ့မလွတ်တဲ့ ငါ့အိပ်မက်တွေ
ဘယ်တော့ မိသားစုလေး ပျော်ရွှင်လာမလဲဆိုတဲ့
အရွက်အခက်တွေ
ဖားဖားဝေနေရာ။

တစ်နေ့တော့ သားအကြီးကောင်ထွက်သွားတာ
သူပြန်လာရဲ့လား အမေ
သူရခဲ့တာ နာကျင်မှုတွေပါတဲ့
သူ့အချစ်ရေးကလည်း ပွန်းပဲ့လို့ပါ
သားအကြီးဆုံးဟာ အမှားအကြီးဆုံးလား။

အခု သူပြန်လာတယ်.. ကြိုပါအမေ။

အကြီးကောင်ဟာ တုန်နေတဲ့လက်နဲ့
search box ထဲ မြို့နာမည်ကို ရိုက်ထည့်တယ်။

ဟော... စခရင်ပေါ်မှာ
တောတောင်တွေ ကွင်းပြင်ကျယ်ကျယ်တွေ နေကြာခင်းတွေ
အိမ်ခေါင်မိုးတွေ မြေလမ်းဖုံဖုံတွေ ချောင်းကောက်ကောက်တွေ
တဖြည်းဖြည်း zoom ချဲ့ပြီး သားပြန်လာနေတယ်
ဖြူစင်တဲ့ငယ်ဘ၀တွေ အမေ့ငေါက်သံတွေရှိတဲ့ဆီ
သားပြန်လာနေတယ် သားတကယ်ပြန်လာနေတယ်။

ကျောင်းဆင်းခေါင်းလောင်းထိုးသံတွေ စက်ဘီးတချောက်ချောက်နင်းသံတွေ
တစ်ယောက်လိုသေးလို့မစားဘဲစောင့်နေတဲ့ မိသားစုထမင်းဝိုင်းတွေ
ရိုးသားတဲ့အမေ့အိမ်အမိုးအောက်က ရိုးသားတဲ့စာအော်ကျက်သံတွေ
အိမ်ခြံထဲမြေကြီးတူးဆွနေပုံ တွင်းရေအေးအေးငင်ချိုးနေပုံတွေ
အမေ့မုန်ညင်းဟင်းချိုနဲ့ ကြီးထွားခဲ့တဲ့ သားတို့မောင်နှမတွေ
တိမ်ထူထူမြို့လေးအောက်က မျှော်လင့်ချက်ထူထူတွေ
အိမ်နောက်ဖေးက နောက်ထပ်ပြန်ပေါက်မလာတော့တဲ့
အဖေခုတ်ပစ်ခဲ့တဲ့ အုန်းပင်တွေ။

ကြိုပါအမေ.....
အိမ်လည်လွန်လို့ သား တုတ်ကောက်ပြီးပြန်ခဲ့တယ်။


ပိုင်မင်းဆွေ

3:22 PM.
14 April 2010

Tuesday, April 13, 2010

သင်္ကြန်ပိုး

ရေတွေရွှဲကုန်တာကို ရေတွေရွှဲကုန်တယ်လို့
အဖက်လုပ် တွေးခေါ်မနေတော့ဘူး
သင်္ကြန်ဟာ ဒိုးနဲ့ယိမ်းပြီး
ရောမွှေရုံပဲ။

အပျော်တွေရင်ထဲရောက်လာပြီ... မင်းဘာလုပ်မလဲ။

လူတွေက ငါးတွေလို ဖျပ်ဖျပ်လူးလို့
ကားတွေက ရေမြွေတွေလို တိုးခွေ့တွားသွားလို့
ကောင်မလေးတွေက ရွှေငါးကလေးတွေလို ကူးခပ်လို့
လမ်းတွေကတော့ ချောင်းတွေအဖြစ်
တသွင်သွင်စီးဆင်းလို့။

စီဒီပလေယာကို ကောက်ဖွင့်လိုက်ပြီ
ဘော်လူး ကို အမြင့်ဆုံးတင်လိုက်ပြီ
သင်္ကြန်ဒိုးဟာ ပိုးမွှားတွေလို စိတ်မှာကိုက်ခဲလို့
ဆယ်ကျော်သက်လေးလို အော်တာဂျင်း ဆွဲဝတ်ပြီး
နေကာမျက်မှန်နဲ့ ဖျက်ထားတဲ့ရုပ်နဲ့
အချိတ်အဆက်မိမိ
ကုန်းကွ ထကာ
မဏ္ဍပ်ပေါ်တက်က။

နောင်တော်

11:53 PM
12 April 2010.

Wednesday, April 7, 2010

ငါး







ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ

ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ

ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ငါးမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ

အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ

ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ

ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင် ကိုရရှိမှာ

မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။

မြင့်မိုးအောင်


Saturday, April 3, 2010

နေ့တွေ

နေ့တွေဟာ
တစ်ချိန်က စိမ်းလန်းခဲ့ဖူးတယ်ဆိုတာ မမှတ်မိလောက်အောင်။

နေ့တွေဟာ
စကားပန်းပွင့်လေးကို တံဇဉ်နဲ့ ရိတ်သိမ်းသွားခဲ့တယ်
သော့တုနဲ့ ရိုင်းစိုင်းမှုကို တစ်ရစ်ချင်း ဖွင့်လှစ်ခဲ့တယ်
ဇာတ်ကြမ်းနဲ့ ဇာတ်လမ်းကို မောင်းနှင်ခဲ့တယ်။

နေ့တွေဟာ
ဘုရားကျောင်းကန်ထဲက အနမ်းတွေကို ပြစ်ဒဏ်ခတ်ခဲ့တယ်
ကောင်းမွေ ဆိုးမွေ အကုန်လုံးကို လျော်ကြေးတောင်းတယ်
စိတ်ကို ဘလိတ်ဓားနဲ့ မွှန်းပြီး သတ်ဖြတ်ခဲ့တယ်။

နေ့တွေဟာ
မရ/၂၃၂၄၁ တရုတ်ဆိုင်ကယ်လေးပေါ်ကနေ ခုန်ချ ကျန်ရစ်တယ်
ချင်းတွင်းမြစ်ကမ်းဘေးက ကိုင်းပင်တွေကို အမြစ်ပါမကျန် ခုတ်လှဲခဲ့တယ်
လင်းနေတဲ့ကြယ်လေး ကို သွေးဆောင် အမှောင်ချခဲ့တယ်။

နေ့တွေဟာ
စာသင်ခန်းထဲကနေ မြို့ကြီးပြကြီးကို ပြောင်းရွှေ့ခဲ့တယ်
မြို့ကြီးပြကြီးမှာ သူစိမ်းနဲ့တွဲခုတ်ခဲ့တယ်
ထွဏ်းခမ်သီချင်းကို စာသားပြောင်းပြီး သီဆိုခဲ့တယ်။

နေ့တွေဟာ
အိမ်အ၀င်က စံပယ်ပင်တွေကို အမြစ်မှာ ပိုးလိုစားခဲ့တယ်
ဝါးပက်လက်ကုလားထိုင်လေးပေါ်က အိပ်မက်တွေကို ရယ်မော စော်ကားခဲ့တယ်
အသားထဲထိ ဖောက်ဝင်လာပြီးမှ ပျံသန်း ထွက်ခွာ သွားခဲ့တယ်။

နေ့တွေဟာ
သစ္စာတရားအကြောင်း ဆက်မကြားနိုင်တော့လို့ ကိုထွန်းဆိုင်ထဲက မောင်းထုတ်ခံ၇တယ်
ပြနေတဲ့ဇာတ်ကားမှာ ရိုးသားမှုကို ဓားနဲ့ထောက်ပြီး ကျော်ကြည့်ခိုင်းတယ်
မြန်မာငွေကနေ နိုင်ငံခြားငွေကို လဲလှယ်ခဲ့တယ်။

နေ့တွေဟာ
သေတဲ့အထိ လိမ်လည်လှည့်ဖျားနေခဲ့တယ်
ယုံကြည်မှုကို လောက်တွေလို ဗိုက်ထဲဝင်ပြီး ဖောက်စားခဲ့တယ်
သူစိမ်းတွေနဲ့ပေါင်းပြီး သူများအိုးခွက်ပုဂံတွေကို ရိုက်ခွဲခဲ့တယ်။

နေ့တွေဟာ
လေဆိပ်မှာ နောက်ဆုံး တွေ့ဆုံခဲ့တယ်။

နေ့တွေဟာ
အတူနေမယ့် အိမ်လေး ကို ဖျက်ဆီးခဲ့တယ်။



ပိုင်မင်းဆွေ

3 April 2010
8:09 AM.