လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Thursday, September 13, 2007

ခြေရာ ၂

ဒဏ်ရာတွေ ရေတွက်ဖို့
ဂဏန်းသင်္ချာသင်ခဲ့တာပေါ့ မမမြင့်
တမာတန်းဟာ စိမ်းလန်းလို့ကောင်းတုန်း
လမ်းဟာ သူ့ရင်ဘတ်ထဲ ဖြတ်ဝင် ထိုးခွဲ
ဖောက်လုပ် စီးဆင်းသွားသလိုမျိုးပေါ့။
( တမာတောတန်းကို ကန့်လန့်ဖြတ်၍ မြေလမ်းလေး တစ်ခု ရှိပုံ )

“တဖြည်းဖြည်းမြင့်တက်သွားတဲ့လမ်း” လို့ ပြောဆိုတာကို
အဓိပတိလမ်းက မကြိုက်ချင်ဘူး
သူ့မှာ နာမည်ရှိပါတယ်တဲ့။
( တောင်ရှိရာ အရပ်ကို ဦးတည်ဖောက်လုပ်ထားလို့ တဖြည်းဖြည်း မြင့်တက်သွား ပုံ )

သစ်ပင်ပေါ် အလှမီးဆိုင်း တွေချိတ်ဆွဲထားသလို
တွဲလောင်းကျကာ လင်းချင်တိုင်း လင်းနေတဲ့ ငုဝါပန်းဆိုင်းများ
ငါ ကြည်နူးနှစ်သက်စွာ ငေးမောကြည့်ခဲ့ဖူးရာ
ငါ့အတွက် နတ်ပန်းပင်တွေ ဖြစ်ခဲ့ဖူးတယ်။

ဝါးရွက်စိမ်းစိမ်းချွန်ချွန်တွေ သရက်ပင်ဖားဖားကြီးတွေက ပြောပြတဲ့
မငြင်းပါဘူးဆိုတဲ့ အချစ်ဇာတ်လမ်းများ
ပျော်နေတဲ့အချိန်မှာ ပျောက်နေတဲ့ အသိစိတ်
အချစ်ဆိုတာမျိုးကလည်း အဲဒီအရွယ်တွေတုန်းက ပြောရခက်တဲ့အရွယ်
လေတံခွန်ဟာ တိမ်တွေကြားထဲ တိုးဝင်သွားတော့
သူများအမြင်မှာ ကြိုးပြတ်သွားခဲ့တယ်။

ရန်ပွဲတွေ ချိန်းဆိုတိုက်ခိုက်မှုတွေ
လူငယ်တွေချင်းချင်းဖြစ်တဲ့ အားပြိုင်မှုတွေ
ငါတို့ ဖြတ်သန်းခဲ့ဖူးတာပေါ့ နှစ်ကာလများ

ငါတို့ ငယ်ရွယ်စူးစမ်းလိုစိတ် လေတံခွန်တွေ
ကောင်းကင်ထဲ လေကြောင်းမိနေတယ်
လျှပ်စစ်ဆားကစ်၊အဆောက်အအုံဒီဇိုင်း၊လမ်းနှင့်မြစ်ကူးတံတားများ
အင်ဂျင်တည်ဆောက်ပုံ နှင့် ရိုဘော့
ဇီးရိုးနှင့်ဝမ်း ၊ လျှပ်စစ်အဖိုနဲ့အမ
ထို့နောက် ရည်းစားထားခြင်း။

ညအခါသီချင်းသံတွေ လွင့်ပျံနေရဲ့လား.......... လွင့်ပျံနေရဲ့
အဆောင်သူတွေရော အဆောင်စောင့်နတ်တွေပါ
ဂရုတစိုက် နားထောင်ရတဲ့ လက်သံမျိုး
ငါ့သူငယ်ချင်းတွေ တီးတတ်တယ်
ဂစ်တာသံဟာ မှော်သားဓာတ် စီးဝင် တောက်ပ
မှောင်နေတဲ့ညထဲက လင်းနေတဲ့ အသံများပေါ့။

တစ်ဖက်မေဂျာ အသင်းက ဖြတ်တင်လိုက်တဲ့ အဝေးဘောဟာ
ငါ့ရင်ထဲ ဒိုင်းကနဲ ကန်သွင်းသွားခဲ့
ငါ့မှာ အလန့်တကြား သင်ယူခဲ့ရ
လောကရဲ့ ရက်စက်တဲ့ကန်ချက်တွေကို ခံနိုင်ရည်ရှိလာတာဟာ
ကျောင်းက သင်ပေးခဲ့တာပေါ့လို့ နောက်ပိုင်း ငါ ပြောလေ့ရှိခဲ့တယ်။

သီရေတာထဲ သစ်သားခုံတန်းတွေပေါ်
ငါတို့ရေးခြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ဟာ အခုထိ အသက်ဝင်တုန်း
ငါတို့နဲ့ အတန်းတူသူတွေရဲ့ခေတ်ကိုကိုယ်စားပြုတုန်း
တစုံတစ်ယောက်ဟာ ကျောင်းသမိုင်းပြုစုမယ်ဆိုရင်
နံရံကို တူးဖော်ရမယ်
ခုံတန်းတွေကို မိတ္တူကူးယူရမယ်။

နောက်ဆုံးပေါ် ၀တ်မှုန်ကူးခြင်းမျိုးနဲ့
ငါတို့ ရောက်ရှိခဲ့ကြ
အဆွေခင်ပွန်းဖွဲ့ကြ
ငါတို့ဟာ ငါတို့ကိုယ်ငါတို့ အံ့သြလို့မဆုံး
ငါတို့ကျောင်းသား ဘ၀ဟာ အပျော်ရွှင်ဆုံးနဲ့အမြန်ဆုံး ပြီးဆုံးသွားခဲ့တယ်။

သက္ကရာဇ်တွေကျန်ခဲ့ပြီ
သစ်ပင်တွေ ကြီးရင့်လာတာသာ ရှိမယ်
အဆောက်အဦးတွေ တိုးချဲ့လာတာသာ ရှိမယ်
ကျောင်းကတော့ အရင်အတိုင်း ဘာမှမပြောင်းလဲ
ငါတို့သာ ပြောင်းလဲခဲ့ကြ
ချစ်သူတွေ မချစ်ကြတော့ဘူးတဲ့
ချင်းတွင်းလမ်းပေါ် စွန်းကျန်ရစ်တဲ့
တခါတုန်းက ချစ်သူ့ခြေရာလေး
အခုချိန်သွားရှာကြည့် မရှိတော့ဘူး
သူငယ်ချင်းတွေလည်း တနယ်တကျေးမှာ
ဘော်ဒါတွေကြားက ချစ်စရာကောင်းတဲ့ ဆဲရေးသံအစား
ဟန်ဆောင်မှု စကားချိုချိုလေးတွေ အစားထိုး သုံးစွဲတတ်ခဲ့ကြ

တချို့က ကျောင်းအ၀င်တံခါးမကြီးပေါ်မှာ
" ငါတို့ ဘယ်တော့မှ ပြန်မလာတော့ဘူး "
စာတန်းတွေချိတ်ဆွဲ တခြားတိုင်းပြည်တွေ ထွက်ခွာသွားကြ
တကယ်တော့ ကျောင်းဟာ လူမှားပြီး အသဲခွဲ ခံရသူပေါ့။

အောင်မြင်သူတွေလည်း ထင်ပေါ်ကျော်ကြားနေကြပြီ
ရှုံးနိမ့်သူတွေလည်း နာလန်မထူနိုင်ကြဘူး
အရင်အတိုင်း မပြောင်းလဲတဲ့သူတွေလည်း အရင်အတိုင်းပါပဲ
ငါလည်း ငါ့ အဆင်မပြေမှုတွေထဲ လဲကျ ရှုံးနိမ့်
ဘ၀ဆိုတာ လိုအင်ဆန္ဒတွေနဲ့ မပြီးပြည့်စုံနိုင်ဘူး
မင်းလည်း မင်းဘ၀နဲ့မင်း ပျော်အောင်နေ
လူတွေနဲ့တည့်အောင်ပေါင်း
ပညာကိုအထူးချွန်ဆုံး ကြိုးစားကာ မြန်မာပြည်ပြန်လာပြီး
အိမ်ထောင်တစ်ခုကို အောင်မြင်အောင်ထူထောင်ပါ
ကျောင်းသားတွေကို စာသင်ပေးပါ
ဆင်းရဲသားတွေကို ပေးကမ်းပါ
မင်းရဲ့ဖြူစင်တဲ့စိတ်လေး ညစ်ထေးသွားစရာ
ငါ့အပေါ်အညိုးအတေးတွေ မထားပါနဲ့
ငါဟာ စီမံကိန်း ချပြီး
ဒဏ်ရာတွေ မင်းရင်ဘတ်ထဲ ပစ်ချခဲ့တာ မဟုတ်ဘူးလို့
ရိုးသားစွာ နောက်ဆုံးအနေနဲ့
ပြောချင်တာပါ မေသက်ထား။


ပိုင်မင်းဆွေ

၁၃.၉.၂၀၀၇



* တနေ့က မလေးကို အသစ်တစ်ပုဒ် တင်မယ်လို့ ပြောဖြစ်ပါတယ်။
အဲဒီအချိန် လေးမ နဲ့ ကိုရန်အောင် ရဲ့ ကျောင်းအလွမ်းပြေ ပို့စ် လေးတွေ
သွားဖတ်မိပြီးမှ အာရုံရလာတာနဲ့ ရေးဖြစ်ခဲ့တာပါ။
စိတ်ထဲပေါ်ရာတွေကို ချက်ချင်း ချရေးဖြစ်ခဲ့တယ်။
" ဖရိုဖရဲ စကားလုံးများ " ပေါ့ဗျာ။
အချိတ်အဆက်မိမိ ဖတ်ကောင်းဖို့ အတတ်ပညာ တစ်ခုခုနဲ့ ပြင်ဆင်ပြီး မရေးလိုတော့ပါ။
တစုံတယောက်က ကျွန်တော့ကို
" ကျောင်း ... ဆိုတာ အများဆိုင်နာမ်။ မင်း.. ကျောင်းအကြောင်း
ရေးတာက မရိုးသားဘူး " လို့ ပြောရင်လည်း ခံယူပါမယ်။
ကျောင်းပုံလေးတွေ ကြည့်ချင်တယ် ဆိုရင်တော့ အောက်က လင့်မှာ သွားကြည့်ပါ။

မန်းမှတ်တမ်း .... လေးမ
မန္တလေးညများတမ်းခြင်း ....... ရန်အောင်

အချိန်တွေ လုယူခဲ့မိတဲ့ကြားထဲက ပျင်းစရာကောင်းနေခဲ့ရင်
I am so sorry ပါ ဆိုတဲ့အကြောင်း။



2 comments:

Anonymous said...

သီရေတာထဲ သစ်သားခုံတန်းတွေပေါ်
ငါတို့ရေးခြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ဟာ အခုထိ အသက်ဝင်တုန်း
ငါတို့နဲ့ အတန်းတူသူတွေရဲ့ခေတ်ကိုကိုယ်စားပြုတုန်း
တစုံတစ်ယောက်ဟာ ကျောင်းသမိုင်းပြုစုမယ်ဆိုရင်
နံရံကို တူးဖော်ရမယ်
ခုံတန်းတွေကို မိတ္တူကူးယူရမယ်။

တချို့က ကျောင်းအ၀င်တံခါးမကြီးပေါ်မှာ
" ငါတို့ ဘယ်တော့မှ ပြန်မလာတော့ဘူး "
စာတန်းတွေချိတ်ဆွဲ တခြားတိုင်းပြည်တွေ ထွက်ခွာသွားကြ
တကယ်တော့ ကျောင်းဟာ လူမှားပြီး အသဲခွဲ ခံရသူပေါ့။

အဲဒီစာသားလေးတွေ သိပ်အသက်ဝင်ပါတယ်..
ကြားဖူးနားဝ ခေတ်ဟောင်းတေးတစ်ပုဒ်ကိုလဲ သတိရမိလိုက်တယ်..
တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ… ဆိုလား

Layma said...

ဒီကဗျာလေးအတွက် ကျေးဇူးတင်ပါတယ်...။