လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Tuesday, November 6, 2007

ငါးကလေးရေ မင်းဟာ ....
ပျံသန်းတတ်တယ် ဆိုတာ ဟုတ်ပါသလား


ငါးကလေး တစ်ကောင်ရှိတယ်။
ကျွန်တော့မှာ ငါးကလေး တစ်ကောင်ရှိတယ်။

ငါးကလေးက
ကျွန်တော့်ဘ၀ကို ပင်လယ်တစ်ခုတဲ့
ရေကူးကျွမ်းကျင်တဲ့ ငါးကလေး။

ကျွန်တော့ ဆံပင်ရှည်တွေကို
ရေမှော်ပင် လှလှလေးတွေလို့ ထင်နေတတ်ပြီး
ကျွန်တော့် စိတ်ကူးများကြားထဲ
ကူးခတ်တတ်သော ငါးကလေး။

ငါး ဆိုတာ သွေးအေးသတ္တ၀ါ
ငါးနဲ့ အပေါင်းအသင်း မလုပ်ဖို့
ငါးနဲ့ ကော်ဖီအတူ မသောက်ဖို့
ဝိုင်းပြောကြတယ်။

ခင်ဗျားတို့မသိပါဘူး
သူက ငါးဖြစ်နေတာက လွဲပြီး
သူဟာ လွတ်လွတ်လပ်လပ် ကူးခပ်တတ်တာက လွဲပြီး
သူက ချစ်ခြင်းမေတ္တာအကြောင်း နားလည်သူ
လူနဲ့ နီးစပ်သူ ငါးကလေး
ယဉ်ကျေးစွာကျွန်တော် ပြန်ပြောလေ့ရှိခဲ့တယ်။

ဒီလိုနဲ့ တဖြည်းဖြည်း ကျွန်တော်သိလာခဲ့
ငါးကလေး ကူးစက်တဲ့ ပင်လယ်
ပင်လယ်ဟာ ကျွန်တော်
ကျွန်တော်ဟာ ကုရာနတ္တိ ဆေးမရှိခဲ့။

ငါးကလေးတွေဟာ
မြန်မာငွေ ၊ ကျော်ကြားမှုနဲ့ ယနေ့ထုတ် ဖက်ရှင်များအား
သာယာသူ ရှင်သန်ခြင်းသက်သက်လား
ငါးကလေး.. မင်းမှာ
တခြားအဓိပါယ်မရှိတော့ဘူးလား
" ငါးကလေးရေ မင်းဟာ
ပျံသန်းတတ်တယ် ဆိုတာရော ဟုတ်ပါသလား "

တနေ့မှာ တခြား ပင်လယ် တစ်ခုခုဆီသို့
တခြားပိုကောင်းသော စိတ်ကူးများ ကြားသို့
ပျံသန်းသွားသော ငါး
သူ့ရဲ့ ဆံပင်တိုတိုတွေကို လှုပ်ရမ်းလို့
နေရောင်ထဲမှာ လှပ
သူ့ကို ငေးကြည့်နေရင်း ကြေကွဲနေတဲ့
တိတ်တခိုးလေး မျက်ရည်များစွာ
လူမသိ သူမသိ သွေ့ခြောက်နွမ်းဖတ်သွားသော
ဘုရားမှာ ကျွန်တော် တင်ထားတဲ့ ပန်းများစွာ။


ပိုင်မင်းဆွေ

 
၂၀၀၆


..................................................................................

2 comments:

MELODYMAUNG said...

နောင်တော်ရေ တချို့ငါးကလေးတွေက တခါတလေမှာပျံသန်းတတ်ချင်ပေမဲ့လဲ ဒေသစွဲပဲပြောမလား ရေမှော်တော်မှာ ဒုက္ခတွေခံပြီး ပျော်ရာမှာမနေ တော်ရာမှာနေရင်း အသက်ထက်ဆုံးနေသွားမယ်ဆိုရင်ရော ရေမှော်ပင်လှလှလေးတွေလို ဆံပင်ရှည်တွေနဲ့ ပင်လယ်ကြီးက သူ့ကိုလက်ခံထားမှာလား :P (Just thinking naw) Good post with nice idea and writng. Cheers! Keep it up, bro. :)

nyimalay said...

လေးစား ရသော အရေးအသားများ..
နောင်များမှာလဲ အများကြီးရေးသားနိုင်ပါစေကြောင်း..