လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Thursday, September 20, 2007


Tuesday, September 18, 2007

ဖိတ်စာ

မင်းရင်ခုန်သံက ပါးပြင်နဲ့ လည်ပင်းဆီရောက်တဲ့အခါ
မင်းလက်တွေ တုန်ယင်လာမယ်
မင်းစကားတွေ မပီပြင်တော့ဘူး
မင်းမိုးသားတွေ ငါ့ဖက်ကို တိုက်ခိုက်လာ
ငါဟာ အဲဒါကို စဉ်းစားကြည့်နေတယ်။

မင်းလိုက်လျောမှုဟာ တကယ်မရှိတဲ့အရာ
လမ်းမှာ တွေ့လို့ တစွန်းတစလေးပဲဖြစ်ဖြစ်
ငါ့မှာ ဒါကို သိမ်းဆည်းလို့ မဆုံး
မင်း သီချင်းသံတွေရဲ့ အဝေးဆုံးမှာ နေခဲ့ပါတယ်
မင်း ရှင်သန်ခြင်းဟာ ဘယ်လို ရှိလိမ့်မလဲ။

၂၀၀၂။
၂၀၀၃။
၂၀၀၄။
၂၀၀၅။
၂၀၀၆။
၂၀၀၇။
၂၀၀၈။
၂၀၀၉။

နှစ်တွေ အများကြီး ကျန်ခဲ့ပြီ
မင်းလက်က မလွတ်ခဲ့ဘူး
ငါ့ကဗျာ ငါရေးဖူးတဲ့ သီချင်း
ဒါဟာ မင်း ၀င်ထွက်သွားလာဖူးတဲ့ လမ်းတွေပဲ။
" မကြာခင် ပြန်ဆုံမယ့် အကြောင်းများ
ကြိုတင် တွေးရင်း …. "
သီချင်းသံတွေ တားမရအောင် လွင့်လာ
ငါက ငါ့နားတွေကို ပိတ်ထား။

စကားဟောင်းတွေက ပန်းချီဆရာတွေလား
ငါ့အခန်းနံရံက မင်း ပုံရိပ်
ငါ့စီးကရက်ကထွက်တဲ့ အခိုးအငွေ့က မင်း အချိုးအဆစ်
နှစ်ပေါင်းများစွာက မင်း တခိုးခိုး တခစ်ခစ် ရယ်သံများ
ငါလျောက်လာရင်း ငါလဲကျသွားပြန်ပြီ
ဖိတ်စာက ညွှန်းတဲ့အရပ်ဆီ
ငါ့မှာ ဘာမှမကျန်တော့အောင် ငါ ခံစား
အဲဒီ ခံစားတဲ့စိတ်က မျက်ရည်တွေ။


ပိုင်မင်းဆွေ

၂၀၀၆
...............................................................

Monday, September 17, 2007

အေးအေးလေး တစ်ယောက်တည်း


ပိုးစိမ်းကောင်လေးတွေ လိပ်ပြာလေးတွေ
သူတို့အသွားအလာလေးတွေ ငေးရင်း
ရပ်
အားလုံးရပ်
သူ မလှုပ်တော့ဘူး။

တိုက်နေတဲ့လေဟာ
သူ ရှိနေမှန်း သတိထားမိပုံ မပေါ်
သူမဟာ သူမအတောင်နဲ့
သူ့ကို ခတ်မယ်လို့ မရည်ရွယ်တဲ့ငှက်ကလေး
လန့်ဖြတ်ခြင်းမှာ ရင်ခုန်သွားပုံ။

သူရှိနေသေးလား မရှိတော့ဘူးလား
မကွဲပြားတော့ဘူး
တခြားအရာတွေ ရှိနေတာကိုပဲ
သူက သူရှိနေတယ်လို့ ခံယူ
ဝါးပင်ဝါးရနံ့ တောတောင်ရဲ့အေးချမ်းမှု
သူ့ ရင်ထဲ ရောက်လာသလား မရောက်လာဘူးလား
သူများတွေရဲ့လှုပ်ရှားမှုတွေထဲ လောလောဆယ်မပါနိုင်သူ
ဘာမှမလိုချင်တော့ဘူး
သူ ဒီမှာ ရှိနေတာ ဘယ်သူ့ကိုမှ မပြောပါဘူးဆိုတဲ့
ကတိစကားလေး တစ်ခုသာ။


ပိုင်မင်းဆွေ

17 September 2007
12:05 pm


Sunday, September 16, 2007

အချစ်အကြောင်း ၎

န၀ဒေးကြီးက ရှင်နှောင်းကို
လှိုင်ထိပ်ခေါင်တင်က ကနောင်မင်းသားကို
နတ်ရှင်နောင်က ဓာတုကလျာကို
ဒီကကောင်က မင်းလို ကမ္ဘာမြေနဲ့ တူတဲ့ ကောင်မလေးကို
များများစားစားကြီး ကျွံ့ကျနေပါတယ် ဆိုတဲ့ အကြောင်း။

ပိုင်မင်းဆွေ

ကြယ်

အရေးတယူ ဆွေးနွေးတဲ့အခါကျမှ
ပန်းကလေးက ပိတ်သွားတယ်။

လူတွေက ခက်ပါတယ်။

ရေဘေး မီးဘေး သတင်းများ
ဝင်လာတယ်။

ခပ်ထုတ်လို့မကုန်အောင်
လှေဝမ်းထဲ ဒုက္ခတွေ အပြည့်နဲ့ပါ
အမြန် ကြေးနန်း ရိုက်လိုက်တယ်။

အေးအေးဆေးဆေး စံပယ်ပန်းများ စိုက်ပျိုးတဲ့သူ
လူ အပြတ်ဆုံး လမ်းကို ရွေးခဲ့တယ်။

ကျွန်တော့်အခန်းလေးကို ဖျက်ဆီးသွားသူ အကြောင်း
ကျွန်တော့်စကားထဲမှာ မပါတဲ့အခါ
နတ်တွေက အားမလိုအားမရ ဖြစ်ကြတယ်။

လူ့ဘ၀ဟာ တိုတောင်းလွန်းတယ်လို့
ခံယူထားသူ တစ်ယောက်
ခေါင်းကလေးငုံ့ လှည့်ပြန်ခဲ့တယ်။

ညအခါ ကြယ်တွေကို ထိုင်ကြည့်ဖူးလား
သေးငယ်တဲ့ နေအဖွဲ့အစည်းထဲ
လူ့အဖြစ်က ပိုပြီး မှုန်မွှား သိမ်ငယ်လွန်းပါတယ်။





ပိုင်မင်းဆွေ

၂၀၀၅ .... ၂၀၀၆
.................................................................................................

Thursday, September 13, 2007

ခြေရာ ၂

ဒဏ်ရာတွေ ရေတွက်ဖို့
ဂဏန်းသင်္ချာသင်ခဲ့တာပေါ့ မမမြင့်
တမာတန်းဟာ စိမ်းလန်းလို့ကောင်းတုန်း
လမ်းဟာ သူ့ရင်ဘတ်ထဲ ဖြတ်ဝင် ထိုးခွဲ
ဖောက်လုပ် စီးဆင်းသွားသလိုမျိုးပေါ့။
( တမာတောတန်းကို ကန့်လန့်ဖြတ်၍ မြေလမ်းလေး တစ်ခု ရှိပုံ )

“တဖြည်းဖြည်းမြင့်တက်သွားတဲ့လမ်း” လို့ ပြောဆိုတာကို
အဓိပတိလမ်းက မကြိုက်ချင်ဘူး
သူ့မှာ နာမည်ရှိပါတယ်တဲ့။
( တောင်ရှိရာ အရပ်ကို ဦးတည်ဖောက်လုပ်ထားလို့ တဖြည်းဖြည်း မြင့်တက်သွား ပုံ )

သစ်ပင်ပေါ် အလှမီးဆိုင်း တွေချိတ်ဆွဲထားသလို
တွဲလောင်းကျကာ လင်းချင်တိုင်း လင်းနေတဲ့ ငုဝါပန်းဆိုင်းများ
ငါ ကြည်နူးနှစ်သက်စွာ ငေးမောကြည့်ခဲ့ဖူးရာ
ငါ့အတွက် နတ်ပန်းပင်တွေ ဖြစ်ခဲ့ဖူးတယ်။

ဝါးရွက်စိမ်းစိမ်းချွန်ချွန်တွေ သရက်ပင်ဖားဖားကြီးတွေက ပြောပြတဲ့
မငြင်းပါဘူးဆိုတဲ့ အချစ်ဇာတ်လမ်းများ
ပျော်နေတဲ့အချိန်မှာ ပျောက်နေတဲ့ အသိစိတ်
အချစ်ဆိုတာမျိုးကလည်း အဲဒီအရွယ်တွေတုန်းက ပြောရခက်တဲ့အရွယ်
လေတံခွန်ဟာ တိမ်တွေကြားထဲ တိုးဝင်သွားတော့
သူများအမြင်မှာ ကြိုးပြတ်သွားခဲ့တယ်။

ရန်ပွဲတွေ ချိန်းဆိုတိုက်ခိုက်မှုတွေ
လူငယ်တွေချင်းချင်းဖြစ်တဲ့ အားပြိုင်မှုတွေ
ငါတို့ ဖြတ်သန်းခဲ့ဖူးတာပေါ့ နှစ်ကာလများ

ငါတို့ ငယ်ရွယ်စူးစမ်းလိုစိတ် လေတံခွန်တွေ
ကောင်းကင်ထဲ လေကြောင်းမိနေတယ်
လျှပ်စစ်ဆားကစ်၊အဆောက်အအုံဒီဇိုင်း၊လမ်းနှင့်မြစ်ကူးတံတားများ
အင်ဂျင်တည်ဆောက်ပုံ နှင့် ရိုဘော့
ဇီးရိုးနှင့်ဝမ်း ၊ လျှပ်စစ်အဖိုနဲ့အမ
ထို့နောက် ရည်းစားထားခြင်း။

ညအခါသီချင်းသံတွေ လွင့်ပျံနေရဲ့လား.......... လွင့်ပျံနေရဲ့
အဆောင်သူတွေရော အဆောင်စောင့်နတ်တွေပါ
ဂရုတစိုက် နားထောင်ရတဲ့ လက်သံမျိုး
ငါ့သူငယ်ချင်းတွေ တီးတတ်တယ်
ဂစ်တာသံဟာ မှော်သားဓာတ် စီးဝင် တောက်ပ
မှောင်နေတဲ့ညထဲက လင်းနေတဲ့ အသံများပေါ့။

တစ်ဖက်မေဂျာ အသင်းက ဖြတ်တင်လိုက်တဲ့ အဝေးဘောဟာ
ငါ့ရင်ထဲ ဒိုင်းကနဲ ကန်သွင်းသွားခဲ့
ငါ့မှာ အလန့်တကြား သင်ယူခဲ့ရ
လောကရဲ့ ရက်စက်တဲ့ကန်ချက်တွေကို ခံနိုင်ရည်ရှိလာတာဟာ
ကျောင်းက သင်ပေးခဲ့တာပေါ့လို့ နောက်ပိုင်း ငါ ပြောလေ့ရှိခဲ့တယ်။

သီရေတာထဲ သစ်သားခုံတန်းတွေပေါ်
ငါတို့ရေးခြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ဟာ အခုထိ အသက်ဝင်တုန်း
ငါတို့နဲ့ အတန်းတူသူတွေရဲ့ခေတ်ကိုကိုယ်စားပြုတုန်း
တစုံတစ်ယောက်ဟာ ကျောင်းသမိုင်းပြုစုမယ်ဆိုရင်
နံရံကို တူးဖော်ရမယ်
ခုံတန်းတွေကို မိတ္တူကူးယူရမယ်။

နောက်ဆုံးပေါ် ၀တ်မှုန်ကူးခြင်းမျိုးနဲ့
ငါတို့ ရောက်ရှိခဲ့ကြ
အဆွေခင်ပွန်းဖွဲ့ကြ
ငါတို့ဟာ ငါတို့ကိုယ်ငါတို့ အံ့သြလို့မဆုံး
ငါတို့ကျောင်းသား ဘ၀ဟာ အပျော်ရွှင်ဆုံးနဲ့အမြန်ဆုံး ပြီးဆုံးသွားခဲ့တယ်။

သက္ကရာဇ်တွေကျန်ခဲ့ပြီ
သစ်ပင်တွေ ကြီးရင့်လာတာသာ ရှိမယ်
အဆောက်အဦးတွေ တိုးချဲ့လာတာသာ ရှိမယ်
ကျောင်းကတော့ အရင်အတိုင်း ဘာမှမပြောင်းလဲ
ငါတို့သာ ပြောင်းလဲခဲ့ကြ
ချစ်သူတွေ မချစ်ကြတော့ဘူးတဲ့
ချင်းတွင်းလမ်းပေါ် စွန်းကျန်ရစ်တဲ့
တခါတုန်းက ချစ်သူ့ခြေရာလေး
အခုချိန်သွားရှာကြည့် မရှိတော့ဘူး
သူငယ်ချင်းတွေလည်း တနယ်တကျေးမှာ
ဘော်ဒါတွေကြားက ချစ်စရာကောင်းတဲ့ ဆဲရေးသံအစား
ဟန်ဆောင်မှု စကားချိုချိုလေးတွေ အစားထိုး သုံးစွဲတတ်ခဲ့ကြ

တချို့က ကျောင်းအ၀င်တံခါးမကြီးပေါ်မှာ
" ငါတို့ ဘယ်တော့မှ ပြန်မလာတော့ဘူး "
စာတန်းတွေချိတ်ဆွဲ တခြားတိုင်းပြည်တွေ ထွက်ခွာသွားကြ
တကယ်တော့ ကျောင်းဟာ လူမှားပြီး အသဲခွဲ ခံရသူပေါ့။

အောင်မြင်သူတွေလည်း ထင်ပေါ်ကျော်ကြားနေကြပြီ
ရှုံးနိမ့်သူတွေလည်း နာလန်မထူနိုင်ကြဘူး
အရင်အတိုင်း မပြောင်းလဲတဲ့သူတွေလည်း အရင်အတိုင်းပါပဲ
ငါလည်း ငါ့ အဆင်မပြေမှုတွေထဲ လဲကျ ရှုံးနိမ့်
ဘ၀ဆိုတာ လိုအင်ဆန္ဒတွေနဲ့ မပြီးပြည့်စုံနိုင်ဘူး
မင်းလည်း မင်းဘ၀နဲ့မင်း ပျော်အောင်နေ
လူတွေနဲ့တည့်အောင်ပေါင်း
ပညာကိုအထူးချွန်ဆုံး ကြိုးစားကာ မြန်မာပြည်ပြန်လာပြီး
အိမ်ထောင်တစ်ခုကို အောင်မြင်အောင်ထူထောင်ပါ
ကျောင်းသားတွေကို စာသင်ပေးပါ
ဆင်းရဲသားတွေကို ပေးကမ်းပါ
မင်းရဲ့ဖြူစင်တဲ့စိတ်လေး ညစ်ထေးသွားစရာ
ငါ့အပေါ်အညိုးအတေးတွေ မထားပါနဲ့
ငါဟာ စီမံကိန်း ချပြီး
ဒဏ်ရာတွေ မင်းရင်ဘတ်ထဲ ပစ်ချခဲ့တာ မဟုတ်ဘူးလို့
ရိုးသားစွာ နောက်ဆုံးအနေနဲ့
ပြောချင်တာပါ မေသက်ထား။


ပိုင်မင်းဆွေ

၁၃.၉.၂၀၀၇


Friday, September 7, 2007

အချစ်အကြောင်း-၃

နှစ်ယောက်ရှိရင်
တစ်ယောက်ကို တစ်ယောက် အပြစ်ဖို့စရာ
ပန်းများ
တောအုပ်များ
ချောက်ကမ်းပါး။

တို့ မလွတ်မြောက်နိုင်ခဲ့ဘူး
ကိလေသာ စံပယ်ပန်းရုံလေးထဲမှာ တို့ဟာ
ယနေ့/နက်ဖြန်ကြွေကျမယ့် သစ်ရွက်များ
ဒုက္ခစစ်စစ်က တို့လက်တစ်ကမ်းမှာဆိုလား
တို့ ရယ်နေခဲ့ကြတာ ။


ပိုင်မင်းဆွေ


Tuesday, September 4, 2007

မျက်ရည်

ညီမလေးက ခလုပ် ပိတ်လိုက်တော့
ဖယောင်းတိုင် မီးလေး ကျွန်တော်
မှိတ်သွားတယ်
ဘယ်တော့မှ ပြန် မပွင့်တော့ဘူး။

ပိုင်မင်းဆွေ

......................................................................................................................................................................................

Sunday, September 2, 2007

မမ အထက်ပိုင်းသူ မခင်သက်တင်



မမ အထက်ပိုင်းသူ မခင်သက်တင်

ငါအရေးတယူ ခေါ်ဆိုခဲ့သော နာမည်လေး
ငါ့ပါးစပ်ဖျားက လွတ်ကျသွားပြီ။

ရေလို မီးလို နေတဲ့ ငါ့ဘ၀လေးလည်း
အခုအခါ ပိတောက်ပန်းတွေ ပြန်တပ်ဆင်လို့ မရတော့ဘူး
စက္ကူပန်းလေး ပွင့်ခဲ့ရပါတယ်
မမ အထက်ပိုင်းသူ မခင်သက်တင်။

" မမ အထက်ပိုင်းသူ မခင်သက်တင်
မခင်သက်တင်ဟာ မာရီလင်မွန်ရိုးလို အသားဖွေးပါရဲ့
လက်ချောင်းလေးတွေ သွယ်တန်းဖြောင့်စင်းနေပြီး
သမင်မလို မျက်လုံးဝိုင်းလေးရှိသူ
ကိုယ့်ကိုယ်ကို လှမှန်းလည်းသိသူ ဖြစ်လေတယ်
အဲဒါတွေနဲ့ လားလားမျှမဆိုင်စွာ
...ခင်ဗျားရဲ့ ကြင်နာသနားတတ်ပုံလေးကို
...ထူးထူးခြားခြားလေး ချစ်နေရပါတယ် "
ဆိုတော့ မခင်သက်တင်က
ဖွဖွလေး ရယ်တယ်။


ကျွန်တော့်အိပ်မက်တွေက
မခင်သက်တင်တို့နေတဲ့ အထက်ပိုင်းမြို့လေးမှာ
ကျွန်တော်က
မခင်သက်တင် နှုတ်ခမ်းစူတဲ့ အရပ်မှာ
ခေတ်မီတဲ့မခင်သက်တင်ဟာ
ကျွန်တော့် ခေတ်ပေါ်ကဗျာတွေကို ကျတော့
ခံစားလို့မရပါဘူးတဲ့
ဘ၀မှာ အပိုအလုပ်တွေပါတဲ့
မခင်သက်တင်ဟာ ပိုက်ဆံကိုရေလို ရှာတတ်ပြီး
မနက်ဖြန်တွေ ဝေနေအောင်ပန်ထားတဲ့ မခင်သက်တင်။

မခင်သက်တင်ရဲ့တိမ်တွေဆီ
ကျွန်တော့်လေတံခွန်လေး မရောက်နိုင်ခဲ့ဘူး
ကျွန်တော့် ရိုးရိုးသားသား အရေးအသားတွေကိုကျ
မခင်သက်တင်က မဆယ်ယူခဲ့ပြန်ဘူး
ကျွန်တော်တို့ဟာ ဝေးကွာခြင်းကို ချဲ့ထွင်နေကြတာလား
မခင်သက်တင်ရဲ့ ဂီတဟာ ကီးမြင့် လွန်းလို့
ကျွန်တော်ဆိုလို့မရတာများလား
ကျွန်တော်ကလည်း ကျွန်တော့ကဗျာနဲ့ ကျွန်တော့ အမှန်တရားနဲ့
မခင်သက်တင်ကလည်း နှလုံးသားအပြင်းစားနဲ့ အချစ်သီချင်းစစ်စစ်တစ်ပုဒ်နဲ့။

ပိုင်မင်းဆွေ


၂၀၀၅-၂၀၀၆
.....................................................................................................................................

Saturday, September 1, 2007

မြို့

တို့မြို့လေးက ပုံပြင်တစ်ပုဒ်ပဲ
အဝေးကကြည့်ရင် တစ်ခုခုနဲ့ ကွယ်နေတတ်တယ်။

ရင်ခုန်သံနဲ့ ရင်ခုန်သံ
ချိတ်ဆက်ထားရာ အဝေးပြေးလမ်းမများ
မြို့အ၀င်မှာ နေကြာပန်းခင်းများ
အနောက်ဖက် ချင်းတောင်တန်းများ
တို့မြို့လေးဟာ စဉ်းစားစရာကောင်းတယ်။

တစ်ချိန်က မြက်ခင်းတွေမှာ ဆော့ကစားခဲ့ပြီး
အခုကောင်းကင်ပေါ်မှာ ဆော့ကစားချင်သူ
ငါ့အတွက်
တို့မြို့လေးဟာ အမြင်စောင်းစရာပေါ့။

ငါ့အဖေနဲ့ ငါ့အမေဟာ
အခုထိ တို့မြို့လေးမှာ ရုန်းကန်နေရတုန်း
ပင်လယ်ကို ရှာဖွေတုန်း။

ငါ့အမေအတွက်တော့ တို့မြို့လေးဟာ
အမြဲစိမ်း အသက်ဝင်နေတဲ့ ရှုမျှော်ခင်း
ငါဟာ တို့မြို့လေးကို
နှလုံးသားနဲ့ စိုက်ကြည့်ဖူးသလို
ကိုယ်နဲ့မဆိုင်သလို ခါးထောက်ရပ်ကြည့်ဖူးတယ်။

ဆောင်းဝင်ရင် တို့မြို့လေးဟာ
နှင်းမြူထဲမှာ ချမ်းလို့ တုန်လို့
မနက်စောစော အပြေးလေ့ကျင့်ဖူးတဲ့ ငါ့ငယ်ဘ၀လည်း
အဲဒီ နှင်းတွေထဲမှာ ကျန်ခဲ့။

ငါ့သံယောဇဉ်မှန်သမျှ
တုပ်နှောင်ထားရာ အရပ်ဒေသ
ငါဟာ တို့မြို့လေးမှာ ကြီးပြင်းခဲ့ပြီး
ငါဟာ တို့မြို့လေးမှာ ကောင်းကောင်းကြီး တိုက်ခတ်ခဲ့ဖူးတယ်။

ငါတို့မိသားစုတွေဟာ
တို့မြို့လေးမှာ ခေါင်းချဖို့ တစ်ခါမှ မပြောဖူးကြဘူး
တို့မြို့လေးဟာ ကျန်းမာရေးကောင်းတလှည့် မကောင်းတလှည့်
တို့မြို့လေးဟာ ကမ္ဘာကြီးကို ကြားတလှည့် မကြားတလှည့်
တနေ့နေ့မှာ
တို့မြို့လေးဆီ ငါ ပြန်လာနိုင်မှာလား
ငါ့အမေဟာ
ယောဂီဝတ်စုံကြီးဝတ်ပြီး ငိုနေတယ်။


ပိုင်မင်းဆွေ

၂၀၀၄
မန္တလေးနည်းပညာတက္ကသိုလ် ကဗျာ စာအုပ်